myaelatt athan

Sharing Information to the Local

ကပစ ၁၃ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်ခံရ

ဆင်ပေါင်ဝဲ၊ ဧပြီ ၂၆၊ ၂၀၂၅။

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်အခြေစိုက် အမှတ် ၁၃ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၃)ကို ဧပြီ ၂၅ ရက်ည ၁၂ နာရီမှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) ဆီကသိရပါတယ်။

ကပစ ၁၃ ကိုတိုက်ခိုက်ခဲ့တဲ့ ရှော့တိုက်ဒုံး ၁၀ လုံးစလုံးမှာ အရေးပါတဲ့ Primer စက်ရုံအပါအဝင် အခြားစက်ရုံတွေကိုထိမှန် ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုအများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။

“၁၀ လုံးစလုံး အောင်မြင်ခဲ့ပါတယ်။ စကစဘက်ကတော့ စက်ရုံတွေရောလူတွေရော အတော်ထိတယ်လို့ သိရပါတယ်။ အတည်ပြုချက်လိုက်နေတုန်းမို့ သိရရင်အသေးစိတ် ထပ်ကြေညာပေးပါ့မယ်။ အဓိကရည်ရွယ်တဲ့ ချက်ကောင်းပစ်မှတ်တွေကို ထိတယ်လို့ပြောလို့တော့ရပါတယ်။ ရှော့ဒုံး ၁၀ လုံးအားကလည်းပေါက်ကွဲထိမှန်အားက အတော်ပြင်းပါတယ်။”လို့ Brave Warriors for Myanmar (BWM)မှတာဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ ကပစ ၁၃ စက်ရုံဝန်းအတွင်းကို မီးသတ်ကားနဲ့ လူနာတင်ကားတွေ ဧပြီ ၂၆ ရက် နေ့လယ်အထိ အဝင်အထွက်ပြုလုပ်နေတာကိုတွေ့ရတယ်လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

စက်ရုံအတွင်းကို ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်နေချိန်အတွင်းမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ၁၀ မိနစ်ခန့်ကြာ ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က အထိအခိုက်မရှိခဲ့ဘူးလို့ သူကပြောပါတယ်။

ကပစ ၁၃ ဟာ ပြည်သူတွေကိုတိုက်ခိုက်ရာမှာအသုံးပြုနေတဲ့ အသေးစားကျည်ဆန်ကနေ အကြီးစားလေယာဉ်ဗုံးသီးတွေအထိ ပြုလုပ်ရာမှာ အဓိကအသုံးပြုရတဲ့ Detonator (ဖောက်ခွဲရေးကိရိယာ) နဲ့ Primer (အစပျိုးယမ်း)တွေကို အဓိကထုတ်လုပ်နေတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံဖြစ်တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM)၊ Shadow၊ No More Dictatorship – NMD၊ Eagle Brigade တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး နယ်မြေခံ Upper Minhla PDF နဲ့ People Independence Army (PIO/PIA) အဖွဲ့တို့ကလည်း ကူညီခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။