ဆင်ဖြူကျွန်း၊ ဧပြီ ၇၊ ၂၀၂၅။
မကွေးတိုင်း၊ စလင်းမြို့နယ်၊ တောင်ဘိုရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကမီးရှို့ပြီး ဒေသခံအမျိုးသား ၁ ဦးကိုလည်းဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဧပြီ ၆ ရက်ညနေ ၄ နာရီခွဲမှာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကအင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းဟာ တောင်ဘိုရွာက နေအိမ်တွေကိုမီးရှို့ခဲ့ရာ နေအိမ် ၂၁ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“ညနေပိုင်းမှာ သူတို့မီးရှို့ပါတယ်၊ ၄ နေရာခွဲပြီးရှို့ပါတယ်၊ ကနဦးသိရတာက လူ ၁၀ ဦးကို ဖမ်းသွားတယ်လို့ သိရတယ်၊ အခုတော့ ၁ ဦးဖမ်းသွားတာလို့ သိရတယ်၊ အမျိုးသား ၁ ဦးကို ဖမ်းသွားတာ၊ တိရစ္ဆာန်တွေလည်း ထိခိုက်ဒဏ်ရာရတာရှိတယ်။”လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ အခုဧပြီလပထမပတ်အတွင်းမှာ ဆိပ်ဖြူမြို့နယ်၊ ကမ္ဘာကြီးရွာဘက်ကနေ စလင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာပြီး တညောင်ရွာနဲ့ မြောင်းဖျားရွာတွေကတဆင့် တောင်ဘိုရွာကိုဝင်ရောက်လာတာလို့ ဆိုပါတယ်။

တောင်ဘိုကျေးရွာကိုစစ်ကြောင်းမဝင်ခင်ကလည်း ဆင်ဖြူကျွန်းမြို့အနီးမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့ အထက်ပါဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။
ဆင်ဖြူကျွန်းမြို့နဲ့ တောင်ဘိုကျေးရွာဟာ ၃ မိုင်ခန့်ကွာဝေးပြီး မနေ့ညပိုင်းကလည်းတိုက်ပွဲတွေထပ်ဖြစ်နေတယ်လို့သိရကာ အခြေအနေအသေးစိတ်ကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီ ၃၀ ရက်ကလည်း အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆင်ဖြူကျွန်းမြို့အနီးက အုန်းတောရွာနဲ့ ကညှပ်ရွာကိုမီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
စာတည်း – လင်း