မြေလတ်အသံ၊ ဧပြီ ၄၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အခြေစိုက်တဲ့ ယင်းမာပင်ခရိုင်ဗျူဟာ ၄၅၊ ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တည်ထောင်ခြင်း ၄ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် တပ်ဖွဲ့ကကျဆုံးတပ်ဖွဲ့ဝင်တွေရဲ့မိသားစုတွေကို ထောက်ပံ့ပေးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။
တပ်ဖွဲ့တည်ထောင်ခြင်း ၄ နှစ်ပြည့်တဲ့ ဧပြီ ၂ ရက်ကစပြီး ကျဆုံးတပ်ဖွဲ့ဝင် ၃၂ ဦးရဲ့မိသားစုတွေကို ၁ မိသားစုကို ငွေကျပ် ၁ သိန်းစီ ထောက်ပံ့ပေးနေတာလို့ ဆိုပါတယ်။


“ရဲဘော်တွေရဲ့မိသားစုဝင်တွေရဲ့နေအိမ်တွေကို သွားရောက်ထောက်ပံ့ခဲ့တာဗျ။ ကျနော်တို့ ၂ ရက်နေ့ကတည်းကစပြီး နေရာတွေကအဝေးတွေဆိုတော့ လိုက်လံပြီး ထောက်ပံ့နေပါတယ်။” လို့ KLG PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
KLG PDF စတင်ဖွဲ့စည်းခဲ့တဲ့ ၂၀၂၁ ဧပြီ ၂ ရက်ကနေ တပ်ဖွဲ့သက်တမ်း ၄ နှစ်ကျော်တဲ့အထိ ကျဆုံးတပ်ဖွဲ့ ဝင် ၃၂ ဦး၊ ကိုယ်လက်အင်္ဂါဆုံးရှုံးတဲ့ တပ်ဖွဲ့ဝင် ၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၀ ဦးရှိခဲ့တယ်လို့ သိရပါတယ်။


အခုရက်ပိုင်းတွေအတွင်း ယင်းမာပင်ခရိုင်ထဲကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေလုပ်နေတဲ့အတွက် အခမ်းအနားတော့မပြုလုပ်ခဲ့ဘူးလို့ အထက်ပါပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်ထဲကကျေးရွာတွေကို ဧပြီ ၃ ရက် နေ့လယ်ပိုင်းကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တပ်လေထီး (Paramotar)နဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး ၁ ဦးသေဆုံးပြီး သာသနိကအဆောက်အအုံတချို့ပျက်စီးခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
စာတည်း – လင်း