myaelatt athan

Sharing Information to the Local

AA ထိုးစစ်ရပ်ထားတဲ့ ညောင်ကျိုးကို စစ်တပ်က လေကြောင်းကနေဗုံးကြဲပြီး လက်နက်ကြီးနဲ့ပစ်

ပန်းတောင်း၊ ဧပြီ ၂၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်၊ ပန်းတောင်း-တောင်ကုတ်လမ်း ရခိုင်ရိုးမပေါ် ရှိ ညောင်ကျိုးရွာနဲ့အနီးတဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဧပြီ ၂ ရက် ဒီကနေ့မနက်ပိုင်းမှာ ညောင်ကျိုးကျေးရွာနဲ့ အနီးပတ်ဝန်းကျင်တဝိုက်ကို တိုက်လေယာဥ် ၁ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် စစ်ကောင်စီတပ်ရဲ့ ၂၇ မိုင်စခန်းဘက်ကနေ လက်နက်ကြီးတွေနဲ့ အလုံးရေ အမြောက်အများပစ်ခတ်နေပြီး ညောင်ကျိုးရွာအပေါ်ဝေဟင်မှာလည်း စက်တပ်လေထီးတွေ အဆက်မပြတ်ပျံသန်းနေတယ်လို့ ဆိုပါတယ်။

” ဒီကနေ့(ဧပြီ ၂ရက်) မနက်လုံးလက်နက်ကြီးသံ အကြိမ်စိပ်စိပ်ထုသံကြားရတယ်။ လေယာဥ်နဲ့ဗုံးကြဲသံလည်းကြားရတယ်။ စစ်တပ်က ထုနေတာ။ ခုလည်း ဆက်ပြီးတချက်တချက် ထုနေတယ်။ လေထီး (paramotor)ကလည်း ပတ်သလားမမေးနဲ့ တချိန်လုံးပျံနေတာပဲ”လို့ မြေပြင်အခြေအနေသိရှိထားတဲ့ ပန်းတောင်းဒေသခံ အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

အာရက္ခတပ်တော် – AAနဲ့တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဟာ ပန်တောင်း-တောင်ကုတ်လမ်းပိုင်း ရခိုင်ရိုးမပေါ်ရှိ မိုးထိတောင်၊ပန်းကန်ကွဲ၊ တောင်ပုံကြီး၊ နတ်တောင်ကုန်းစတဲ့ စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ထားနိုင်ပြီး မတ်လဒုတိယအပတ်အတွင်းမှာ ညောင်ကျိုးပင်မစခန်းနဲ့ ကာကင်းစခန်းတွေကို ထိန်းချုပ်ထားနိုင်ကာ လက်ရှိငလျင်ဘေးဒဏ်သင့်ကာလမှာ ထိုးစစ်တွေကို ယာယီတဖက်သတ်ရပ်တန့်လိုက်တာပါ။

မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုတွေအပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ တိုက်ပွဲဖြစ်ပွားရာနေရာတွေက ၎င်းတို့ရဲ့ ထိုးစစ်အားလုံးကို ဧပြီ ၃၀ ရက်အထိ ၁ လတာရပ်စဲထားမယ်လို့ အာရက္ခတပ်တော်-AA အပါ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဧပြီ ၁ ရက် မနေ့ကထုတ်ပြန်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ၎င်းတို့ရဲ့ထိုးစစ်တွေရပ်တန့်တယ်ဆိုပေမယ့်လေ့ကျင့်မှု၊ တပ်စုဖွဲ့မှုတွေရှိနေကာ အဲ့ဒီပြင်ဆင်မှုတွေကို တိုက်ခိုက်မှုလို့ သဘောထားပြီး လိုအပ်တဲ့ကာကွယ်ရေးဆိုင်ရာလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ယမန်နေ့မှာပဲ ပြောကြားခဲ့ပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။