ပကဖအဖွဲ့ဝင် စစ်တပ်ဆီဘက်ပြောင်းပြီးနောက် ရပ်ကျေး PDF စခန်း ၂ ခုစီးနင်းခံရပြီး ၆ ဦးကျဆုံး

0 7
0 7

ရေစကြို၊ မတ် ၁၄၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ရေစကြိုမြို့နယ်၊ စဉ့်ကိုင်ရွာနဲ့ ကံသစ်ရွာက ဒေသခံရပ်ကျေးကာကွယ်ရေးစခန်း ၂ ခုကို စစ်ကော်မရှင်တပ်က စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးကျဆုံးသွားတယ်လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးဆီက သိရပါတယ်။

မတ်လ ၁၂ ရက် မနက် ၅ နာရီကျော်မှာ ရေစကြိုမြို့ဘက်ကလာတဲ့ အင်အား ၂၀၀ ကျော်ပါ စစ်ကော်မရှင်စစ်ကြောင်းဟာ စဉ့်ကိုင်ရွာက ကျေးရွာကာကွယ်ရေးစခန်းကိုစီးနင်းတိုက်ခိုက်ပြီး မတ်လ ၁၃ ရက် မနက် ၆ နာရီမှာ ကံသစ်ရွာက ရပ်ကျေးပကဖစခန်းကို ထပ်မံတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စောစောပိုင်းက ပကဖအဖွဲ့ဝင် ၁ ဦးက ရွာသစ်ရွာမှာ အဖွဲ့ဝင် ၂ ဦးကိုပစ်သတ်ပြီး မြို့ပေါ်မှာ စကစဘက်ကို Gun နဲ့ဝင်သွားတာရှိတယ်။ ခုဟာက အနည်းနဲ့အများဆက်စပ်မှုရှိနိုင်တယ်။ စဉ့်ကိုင်နဲ့ ကံသစ်က ကြားမှာ ၃ ရွာခြားပေမယ့် အဲ့ရွာတွေကိုမဝင်ဘဲနဲ့သတင်းအရ ကံသစ်ကို တိုက်ရိုက်ဝင်လာတာ”လို့ ဖြစ်စဥ်ကိုသိထားတဲ့ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စဉ့်ကိုင်ကျေးရွာကို စစ်ကြောင်းဝင်ချိန်တိုက်ပွဲဖြစ်ပြီး အသက် ၂၀ ကနေ ၃၀ ကြားရှိ ကျေးရွာကာကွယ် ရေးအဖွဲ့ဝင် ၃ ဦးကျဆုံးကာ ယူနီဖောင်း၊ လက်လုပ်သေနတ်နဲ့ မိုင်းအချို့သိမ်းဆည်းသွားပြီး ကံသစ်ကျေးရွာစခန်းစီးနင်းခံရမှုမှာလည်း အသက် ၂၀ ကနေ ၄၀ ကြား ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးပြီး မြို့နယ်ပကဖ အဖွဲ့ဝင် ၁ ဦးဒဏ်ရာရခဲ့ကာ သေနတ်အချို့နဲ့ ယူနီဖောင်း၊ ကျည်အချို့ သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။

ကံသစ်ရွာကာကွယ်ရေးစခန်းနဲ့ ကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင် ၃ ဦးအလောင်းကို စစ်ကော်မရှင်အဖွဲ့တွေက မီးရှို့သွားပြီးနောက် နေ့လယ်ပိုင်းမှာ ရွာကနေထွက်သွားကြတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ထောက်ခံတယ်လီဂရမ်ချန်နယ်တွေမှာလည်း ဒီစီးနင်းမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး သိမ်းဆည်းခဲ့တဲ့လက်နက်တွေနဲ့ ကျဆုံးတပ်ဖွဲ့ဝင်တွေရဲ့ပုံကိုဖော်ပြထားကာ အဆိုပါပုံတွေကလည်း မှန်ကန်ကြောင်း အထက်ပါဒေသခံကာကွယ်ရေးအဖွဲ့ဝင်က အတည်ပြုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက် မနက် ၅ နာရီခန့်မှာလည်း တပ်မ ၉၉ ကထွက်လာတဲ့ အင်အား ၂၅၀ ပါ စစ်ကြောင်းဟာ ရေစကြိုမြို့နယ်၊ ကံမတောကျေးရွာအနီးရှိ ရေစကြိုပကဖ တပ်ခွဲစခန်းကို ဝင်ရောက်စီးနင်းမီးရှို့ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။