ရွှေကျင်၊ မတ် ၁၂၊ ၂၀၂၆
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကရင့်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ ၃ ထိန်းချုပ်နယ်မြေထဲက အင်းဗလာကျေးရွာမှာ စက်တပ်လေထီးနဲ့ဗုံးကြဲခံရလို့ ကလေးငယ် ၁ ဦးအပါအဝင် ၇ ဦးသေဆုံးတယ်လို့ ကျေးရွာနဲ့နီးစပ်သူတွေထံက သိရပါတယ်။
မတ်လ ၁၁ ရက် ယမန်နေ့ နေ့လယ် ၁၂ နာရီ မိနစ် ၄၀ ခန့်မှာ စစ်ကော်မရှင်တပ်က စက်တပ်လေထီး ၂ စီးနဲ့ အင်းဗလာကျေးရွာအတွင်း ဗုံး ၃ လုံးကြဲချတိုက်ခိုက်ခဲ့ရာ လူနေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
” ကျေးရွာအလယ်ခေါင်က လူနေအိမ် ၁ လုံးပေါ်တည့်တည့်ကျတာ။ အဲဒီအိမ်က မိသားစု ၄ ယောက်နဲ့အပြင်ကလာတဲ့ ၃ ယောက်သေတာ။ သေတဲ့အထဲ ကလေး ၁ ယောက်၊ အသက်ငယ် ၁ ယောက်ပါတယ် “လို့ ဖြစ်စဥ်ကိုသိရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
ဗုံးစထိမှန်တာကြောင့် အသက် ၉ နှစ်အရွယ် မိန်းကလေး ၁ ဦး၊ အသက် ၂၀ ကနေ ၆၀ ကြား အမျိုးသား၊အမျိုးသမီး ၆ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့ပြီး နေအိမ် ၃ လုံးလည်းပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဗုံးကြဲခံရတဲ့ကျေးရွာဟာ ညောင်လေးပင်နဲ့ရွှေကျင်မြို့နယ်အစပ် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကကျေးရွာဖြစ်ပြီး အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ကျေးရွာဖြစ်ကာ အဲ့ဒီကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၅ ရက်ကလည်း ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းရွာမှာ စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာနဲ့ ဖမ်းဆီးသတ်ဖြတ်တာကြောင့် အရပ်သား ၃၀ ဦး အစုလိုက်သေ ဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။