စစ်ကြောင်းဝင်ခဲ့တဲ့ ငါးဘတ်ချောင်းရွာမှာ အမျိုးသမီး ၁ ဦးနဲ့ နေအိမ် ၆ လုံး မီးလောင်သေဆုံး

0 1
0 1

ဝက်လက်၊ မတ် ၁၁၊ ၂၀၂၆ ။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာကို စစ်ကော်မရှင်စစ်ကြောင်းဝင်သွားပြီးနောက် မီးလောင်သေဆုံးနေတဲ့ အမျိုးသမီး ၁ ဦးရဲ့ရုပ်အလောင်းကိုတွေ့ရှိရပြီး နေအိမ် ၆ လုံးလည်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၁၀ ရက် ယမန်နေ့ နေ့လ​ယ် ၁ နာရီခန့်မှာ သစ်ဆိမ့်ရွာအတွင်းအထိုင်ချထားတဲ့ စစ်ကော်မရှင်စစ်ကြောင်းမှ အင်အား ၇၀ ခန့်ဟာ ငါးဘတ်ချောင်းရွာကိုဝင်ရောက်လာခဲ့ပြီး မီးရှို့သတ်ဖြတ်တာတွေလုပ်ဆောင်ခဲ့ကာ ညနေ ၃ နာရီခန့်မှာ သစ်ဆိမ့်ရွာကို ပြန်လည်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းပြန်ထွက်ပြီးနောက် ညနေ ၄ နာရီခွဲခန့်မှာ ရွာခံတချို့က ကျေးရွာတွင်းပြန်လည်ဝင်ရောက်ချိန် ကျေးရွာလှေဆိပ်အနီးမှာ မီးလောင်သေဆုံးနေတဲ့ ငါးဘတ်ချောင်းရွာခံ အသက် ၅၀ ကျော်အရွယ် ဒေါ်ဗိန်မ ရုပ်အလောင်းကို တွေ့ခဲ့ရတာလို့ ဖြစ်စဥ်ကိုသိရှိသူဝက်လက်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“ကုလားပဲရိတ်ဘာရိတ် သွားတဲ့သူတွေက ရွာထဲပစ္စည်းလေးတွေပြန်ယူရင်းတွေ့ခဲ့တာ။ သူ့အလောင်းကိုမီးသင်္ဂြိုဟ်ဖို့လုပ်နေချိန် အင်အား ၄၀ လောက်နဲ့ပြန်ထွက်လာတယ်ကြားလို့ မလုပ်ရဘဲပြန်ထွက်လာခဲ့ကြရတယ်။ သူအလောင်းက လမ်းဘေးမှာပဲ တာယာကွင်းတွေနဲ့ပုံပြီး ဓာတ်ဆီလောင်းမီးရှို့ခံထားရတာ”လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းဝင်ခဲ့တဲ့ ငါးဘတ်ချောင်းရွာကပြည်သူတွေဟာ သစ်ဆိမ့်ရွာကို စစ်ကြောင်းဝင်ရောက်ချိန်ကစလို့ ရွာလုံးကျွတ်တိမ်းရှောင်ထွက်ပြေးနေကြပေမယ့် ရွာခံတချို့ကတော့ကျေးရွာတွင်း ကျွဲ၊နွားတိရစ္ဆာန်တွေ အစာကျွေးတာနဲ့ လိုအပ်တဲ့ပစ္စည်းတချို့ကို ပြန်လည်ယူဆောင်တာတွေ လုပ်လေ့ရှိပြီး အဲ့ဒီရွာခံတွေက ရုပ်အလောင်းကို တွေ့ရှိခဲ့တာပါ။

မီးရှို့သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးအလောင်းကို မတ်လ ၁၁ ရက် ဒီကနေ့မှာ မီးသင်္ဂြိုဟ်ပေးဖို့ဆက်လက်လုပ်ဆောင်နေပြီး ယမန်နေ့စစ်ကြောင်းမှာဝင်ရောက်တဲ့စစ်ကြောင်းက ငါးဘတ်ချောင်းရွာ နေအိမ် ၆ လုံးကိုလည်း မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဖေဖော်ဝါရီလ ဒုတိယအပတ်ကစတင်ကာ သစ်ဆိမ့်ရွာအတွင်း ဝင်ရောက်တပ်စွဲနေတာဖြစ်ပြီး သစ်ဆိမ့်ရွာနဲ့အနီးဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုးမီးရှို့တာတွေလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းထိုးနေလို့ ရေကမိုး၊ ရွာသစ်၊ ထုံးဘို၊ သစ်ဆိပ့်၊ ရှားကွဲ၊ တောကြီး၊ ဂူကြီး၊ ငါးဘတ်ချောင်း၊ ရေဖြူ၊ ချောင်းမီးတို၊ သရက်ပင်ဆိပ်ရွာတွေက ဒေသခံ ၁၀,၀၀၀ ကျော် တိမ်းရှောင်နေရပြီး စစ်ကြောင်းရှိနေသေးတာကြောင့် လက်ရှိအထိနေရပ်မပြန်ကြရသေးဘူးလို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။