ရွှေဘို လမ်းဘေးဆီဆိုင်ငယ်တွေမှာ စက်သုံးဆီဈေး ၃ ဆမြင့်တက်လာ

0 7
0 7

■ အကန့်အသတ်နဲ့သာရောင်းချနေလို့ ဒေသခံရာနဲ့ချီ စောင့်ဆိုင်းဝယ်ယူနေရ

ရွှေဘို၊ မတ် ၉၊ ၂၀၂၆။

စစ်ကော်မရှင်က စက်သုံးဆီနဲ့ပတ်သက်တဲ့ ကန့်သတ်ချက်တွေထုတ်ပြန်လာပြီးနောက် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ လမ်းဘေးဆီဆိုင်တွေမှာ စက်သုံးဆီ ၁ လီတာ ကျပ် ၁၀,၀၀၀ ကျော်ထိ စျေးတက်နေတယ်လို့ ရွှေဘိုဒေသခံတွေဆီက သိရပါတယ်။

ရွှေဘိုမြို့ပေါ်က စက်သုံးဆီရောင်းပေးနေတဲ့ ဆိုင်ကြီးတွေမှာတော့ ဓာတ်ဆီ ၁ လီတာကျပ် ၃,၁၀၀ ဝန်းကျင်သာရှိပေမယ့် ပြင်ပလမ်းဘေးဆိုင်တွေမှာတော့ ယခင် ၁ လီတာကို ၄,၅၀၀ ကျပ်ကနေ မတ်လ ၅ ရက်ကစပြီး ၁ လီတာ ကျပ် ၁၂,၀၀၀ အထိ စျေးပေးဝယ်ယူရတယ်လို့ ဆိုပါတယ်။

“၁၂,၀၀၀ တောင်ဝယ်မရဘူး။ BOC ကပေးတာက ၃,၀၉၀ နဲ့ပေးတာ။ အပြင်က တိုးတန်းရောင်းနေတဲ့ဟာတွေ (ဆီဆိုင်ကြီးတွေမှာ တန်းစီးတိုးပြီး တဆင့်ပြန်ရောင်းချသူ) က ၁၀,၀၀၀ ကျော်နဲ့ ရောင်းနေကြတာ။ ညီမတို့က မတိုးနိုင်လို့ ရွာဘက်ကနေလှမ်းမှာပြီး သုံးနေရတယ်။ “လို့ ရွှေဘိုမြို့ပေါ်နေ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ပုံစာ – ရွှေဘိုမြို့ BOC စက်သုံးဆီဆိုင်အရှေ့တွင် စက်သုံးဆီရရှိရန် ပြည်သူများ စောင့်ဆိုင်းဝယ်ယူနေစဥ်။

ရွှေဘိုမြို့ပေါ်မှာ BOC အပါအဝင် စက်သုံးဆီဆိုင်ကြီး ၆ ဆိုင်ရှိပြီး ယာဥ်အမျိုးအစားအလိုက် အကန့်အသတ်နဲ့သာရောင်းချနေရတာကြောင့် ဆီဆိုင်တွေမှာ နေ့စဥ်တန်းစီဝယ်ယူနေရသူ ကား၊ ဆိုင်ကယ် ရာချီရှိနေတာလို့ သိရပါတယ်။

အရှေ့အလယ်ပိုင်းဒေသ အီရန်-အမေရိကန်နဲ့အစ္စရေးစစ်ပွဲတွေကြောင့် မတ်လ ၄ ရက်ကစတင်ပြီး စစ်ကော်မရှင်တပ်က စက်သုံးဆီအရောင်းဆိုင်တွေက ဆီရောင်းချပေးရာမှာ ဆိုင်ကယ် ၁ စီး ၅,၀၀၀၊ အိုးဝေ၊ သုံးဘီး ၁ စီးကို ၁၀,၀၀၀ ကျပ်၊ အိမ်စီးကား ၁ စီးကို ၃၀,၀၀၀ ကျပ်၊ ခရီးသည်တင်ယာဥ် ၁၀၀,၀၀၀ ကျပ်၊ ဒီဇယ် နံပါတ်အနီ ၄၀,၀၀၀ ကျပ်နဲ့ နံပါတ်အနက် ၃၀,၀၀၀ ကျပ်ဖိုးသာ ရောင်းချပေးဖို့ ညွှန်ကြားလာတာပါ။

စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ ရွှေဘိုမြို့ပေါ်မှာ စက်သုံးဆီရရှိဖို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းဝယ်ယူနေရသလို တော်လှန်ရေးတပ်တွေထိန်းချုပ်ဒေသတွေမှာလည်း စက်သုံးဆီရရှိဖို့ဆီဆိုင်တွေမှာ တန်းစီတိုးဝယ်နေရပြီး ရွာတွေမှာတော့ ဓာတ်ဆီ ၁ လီတာ ကျပ် ၁၀,၀၀၀ ထိပေးဝယ်ရတယ်လို့ ဆိုပါတယ်။

ပုံစာ – ရွှေဘိုမြို့ BOC စက်သုံးဆီဆိုင်အရှေ့တွင် စက်သုံးဆီရရှိရန် ပြည်သူများ စောင့်ဆိုင်းဝယ်ယူနေစဥ်။

“အရာတော်လမ်းခွဲဘက်က ဆီဆိုင်တွေကနေ ဘယ်လိုသယ်လဲတော့မသိဘူး။ ပုံးဝါလေးတွေနဲ့ ရွာကို သယ်သယ်လာကြတာရှိတယ်။ ကျနော်တို့နယ်ထဲတော့ ပန့်ဆိုင် ၁ ဆိုင်က ဆိုင်ကယ် ၁ စီးလာရင် ၁ လီတာဗူး ၁ ဘူးရောင်းပေးတယ်။ စျေးကတော့ ၅,၅၀၀၊ ၆,၀၀၀ ပေါ့။ ၁ ဘူးထက်တော့ ပိုရောင်း မပေးဘူး။ ရွာရောက်လာရင်တော့ ၁၀,၀၀၀။ သူတို့ကလည်း ဝယ်ယူစရိတ်၊ သယ်ယူစရိတ် ရှိတာကိုး။ သူတို့ကပန့်ဆိုင်ကနေယူပြီး ပြန်ရောင်းတာ”လို့ ဆင်အင်းရွာခံတဦးက ပြောပါတယ်။

စက်သုံးဆီစျေးတွေမြင့်တက်တာနဲ့ အလွယ်တကူဝယ်မရတာတွေကြောင့် စားအုန်းဆီစျေးတွေလည်း ယခင် ၁ ပိသာကျပ် ၁၀,၀၀၀ ကနေ ကျပ် ၁၄,၀၀၀ အထိမြင့်တက်သွားသလို အခြားအခြေခံ အစားအသောက်တွေကလည်း အမျိုးအစားအလိုက် ကျပ် ၁,၀၀၀ ကနေ ၅,၀၀၀ ကြားထိ စျေးတက်လာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်ဆီရောင်းချမှုကိုလည်း ဆိုင်တွေဘက်က အကြောင်းပြပိတ်ထားတာမျိုးမပြုလုပ်ရဘဲ နေ့စဥ် မနက် ၆ နာရီမှညနေ ၆ နာရီအထိ ရောင်းချပေးရမှာဖြစ်ပြီး ဆီဆိုင်တွေအရောင်းပိတ်ထားပါက ဆက်သွယ် တိုင်ကြားနိုင်တယ်ဆိုပြီး စစ်ကော်မရှင်တပ်ရဲ့ မတ်လ ၄ ရက်ထုတ် ညွှန်ကြားချက်မှာပါရှိပါတယ်။

မြို့ တွေရှိ စက်သုံးဆီအရောင်းဆိုင်များအနေနဲ့လည်း သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်နဲ့သာ ရောင်းချပေးရန်စီမံသွားဖို့၊ အရောင်းဆိုင်များမှ ပုံး/ပေပါနဲ့ ရောင်းချခြင်း လုံးဝ (လုံးဝ) ဆောင်ရွက်ခြင်းမပြုရန်၊ ဖုန်းတာဝါတိုင်နဲ့ အခြားလုပ်ငန်းသုံးတွေကို ရောင်းချမယ်ဆိုပါကလည်း သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးတွေရဲ့ စိစစ်ထောက်ခံချက်နဲ့သာ ရောင်းချသွားဖို့ ညွန်ကြားထားပါတယ်။

ဒါ့အပြင် မတ်လ ၇ ရက် နံနက်ပိုင်းမှစပြီး စက်သုံးဆီအရောင်းဆိုင်တွေက စုံရက်တွေမှာ စုံနံပါတ် အက္ခရာပါသော ယာဉ်နဲ့ မရက်တွေမှာ မနံပါတ်အက္ခရာပါတဲ့ယာဥ်တွေကိုသာ ရောင်းချပေးဖို့၊ အများသုံးသယ်ယူပို့ဆောင်ရေးယာဥ်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဥ်၊ ကုန်ပို့ဆောင်ရေးယာဥ်၊ လူနာတင်ယာဥ်နဲ့ အမှိုက်သိမ်းယာဥ်တို့ကို စျေးနှုန်းမမြှင့်တင်ဘဲနေ့စဥ်ရောင်းချပေးဖို့ ညွှန်ကြားချက်မှာ ပါရှိပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။