မန္တလေးမှာ သံတိုသံစလုပ်ငန်းအတွင်း ပေါက်ကွဲမှုဖြစ်ပြီး အလုပ်သမား ၆ ဦးဒဏ်ရာရ

0 12
0 12

မန္တလေး၊ မတ် ၇၊ ၂၀၂၆။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု ၁ ရပ်ကွက်ရှိ သံရည်ကျိုအလုပ်ရုံ ၁ ခုမှာ သံတိုသံစရွေးနေစဉ် ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

စက်မှု ၁၊ ၄၇လမ်း၊၁၄၂ (A) လမ်းထောင့်ရှိ၊ စိန်စွန်ညိုသံရည်ကျိုလုပ်ငန်းအတွင်း မတ်လ ၆ ရက် ယမန် နေ့ညနေပိုင်းက သံတိုသံစအမျိုးအစားခွဲခြားမှုလုပ်ဆောင်နေစဉ် ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“လက်ပစ်ဗုံးပါလာတယ်လို့ ကြားတာပဲ။ ပေါက်ကွဲသံက တော်တော်ကျယ်တာ။ ခဏနေတော့ စစ်သားနဲ့ပျူတွေ ရောက်လာတယ်။ ဘာပေါက်ကွဲတာလို့ တိတိကျကျတော့ မသိဘူး”လို့ ဖြစ်စဥ်ကိုသိရှိတဲ့ မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် သံရည်ကျိုလုပ်ငန်းအလုပ်သမားတွေဖြစ်တဲ့ ငါးဇွန်နဲ့ ပြည်ကြီးတံခွန်မြို့နယ်နေ ဒေါ်သင်းလဲ့ ၅၀ နှစ်၊ မောင်နေထူးအောင် ၁၈ နှစ်၊ မောင်ယဉ်အောင် ၂၆ နှစ်၊ မစန်းမာထွေး ၂၈ နှစ်၊ မသဲစုလှိုင် ၂၄ နှစ် နဲ့ ကိုသန်းနိုင်ဦး ၂၆ နှစ်တို့ ၆ ဦး ထိခိုက်ဒဏ်ရာတွေ အသီးသီးရရှိခဲ့တာပါ။

ဒဏ်ရာရရှိသူတွေကို မန္တလေးဆေးရုံကြီးမှာ ကုသမှုပေးနေပြီး အဲ့ဒီထဲက ဒေါ်သင်းလဲ့နဲ့ မောင်နေထူး အောင်တို့ ၂ ဦးမှာ ဒဏ်ရာပြင်းထန်(စိုးရိမ်ရ)တယ်လို့လည်း သိရပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်ဟာ ပေါက်ကိုယ်တော်ရဲ့ ပျူစောထီးအဖွဲ့ တွေကြီးစိုးတဲ့နယ်မြေဖြစ်ပြီး ၂၀၂၅ အောက်တိုဘာလအတွင်းမှာလည်း ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက်က သံတိုသံစရောင်းဝယ်‌ရေး ၁ ခုမှာ ပေါက်ကွဲမှုဖြစ်တာကြောင့် မိန်းကလေးငယ် ၁ ဦး သေဆုံးခဲ့ပါသေးတယ်။

သတင်း – MG

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။