သပိတ်ကျင်းမြို့နယ်အတွင်း စစ်တပ်က အင်အားသုံးစစ်ကြောင်းထိုးပြီး တိုက်ပွဲတွေဖြစ်နေ

0 19
0 19

သပိတ်ကျင်း၊ မတ် ၆၊ ၂၀၂၆။

တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်က အင်အားသုံးစစ်ကြောင်းထိုးပြီး ဒေသခံကာကွယ်ရေးတပ်တွေနဲ့လည်း တိုက်ပွဲတွေဖြစ်နေတယ်လို့ မြေပြင်တိုက်ပွဲပါဝင်နေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းဟာ တကောင်းမြို့နဲ့ ၁၅ မိုင်ခန့်အကွာထိရောက်ရှိလာပြီး ဖေဖော်ဝါရီ ၆ ရက်ကနေ မတ် ၅ ရက်အထိ စစ်ရေးဆက်လက်ပြင်းထန်နေကာ နေ့စဥ်နီးပါးတိုက်ပွဲတွေလည်းဖြစ်နေတယ်လို့ ဆိုပါတယ်။

“သူတို့မှာ ဒရုန်း ဗုံးပေါလအောပါတယ်။ လက်နက်ကြီး ၁၂၀ ပါတယ်။ ဟောင်ဝစ်ဇာထိပါတယ်။ စစ်ရေးအခြေနေက မြေပြင်လိုဆိုရင်တော့ ကျနော်တို့ဘက်က အသာစီးရတယ်။ ဒရုန်းကိုမှ အရင်က PDF တွေသုံးတဲ့ ဒရုန်းဆိုတာထက် သူတို့သုံးတဲ့ဒရုန်းတွေက ကျနော်ထင်တယ် ပေါင် ၃၀ လောက်ကိုနိုင်တဲ့ဒရုန်းတွေသုံးတယ်။ ဒရုန်းတွေမှာလည်း ကင်မရာပါနေတော့ သေချာကြည့်ပြီး လိုက်ချနေတာ။”လို့ မြေပြင်တိုက်ပွဲဝင်နေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းတွေဟာ ဒရုန်းနဲ့ကင်းထောက် ရှင်းလင်းရေးလုပ်ပြီးမှ မြေပြင်စစ်ကြောင်းထိုးနေတာဖြစ်ပြီး မတ် ၅ ရက်မှာ လက်ပန်ကုန်းကျေးရွာကိုရောက်ရှိနေကာ မတ် ၆ ရက်အထိ အဆိုပါရွာမှာဆက်ရှိနေပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်စစ်ကြောင်းကိုခုခံဖို့ ကျောက်ဆည်ခရိုင်တပ်ရင်း ၄ ရင်း၊ မန်းခရိုင် တပ်ရင်း ၅ ရင်း၊ MDY အထူးလှုပ်ရှားတပ်မ၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ ပကဖ အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လက်ရှိ စစ်ကော်မရှင်စစ်ကြောင်းရောက်နေတဲ့နေရာကနေ တကောင်းမြို့ကိုရောက်ရှိဖို့ ကြားမှာ မကျီးကုန်းရွာအပါအဝင် ကျေးရွာ ၅ ရွာနဲ့ PDF တပ်ပေါင်းစုတွေ အထိုင်ချထားတဲ့နေရာတွေကို ဖြတ်ရမှာဖြစ်ပြီး တကောင်းမြို့ကိုသိမ်းနိုင်ပါက သပိတ်ကျင်းတမြို့နယ်လုံးနီးပါးကို ပြန်သိမ်းနိုင်သွားမှာလို့ အထက်ပါဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

လက်ရှိမှာ သပိတ်ကျင်းမြို့နယ်ရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့လည်း မြေပြင်တိုက်ပွဲဝင်နေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

“တကောင်းက သပိတ်ကျင်းမြို့နယ်မှာ PDF နောက်ဆုံးထိန်းချုပ်နယ်မြေအနေအထားပဲဖြစ်လို့ ရာခိုင်နှုန်းနဲ့တွက်မယ်ဆိုရင် တကောင်းတဂွင်လုံးတောင်မှ ရာခိုင်နှုန်း ၃၀ လောက်ပဲရှိတာ။ တကောင်းကိုသာ သူတို့ရရင် သပိတ်ကျင်းတမြို့နယ်လုံး သူတို့ရသွားပြီပြောရမှာပဲ။” လို့ ပြောပါတယ်။

အဆိုပါ စစ်ကော်မရှင်စစ်ကြောင်းဟာ ဖေဖော်ဝါရီ ၆ ရက်ကတည်းက တတက ၁၃ ကနေ အင်အား ၈၀၀ ခန့်နဲ့ထွက်လာတဲ့စစ်ကြောင်းဖြစ်ပြီး လမ်းတလျှောက် PDF စခန်းအချို့ကိုသိမ်းကာ နှစ်ဖက် ထိခိုက် သေဆုံးမှုတွေလည်းရှိခဲ့တယ်လို့ အထက်ပါ ဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးဆီက သိရပါတယ်။

စစ်ကြောင်းလာရာလမ်းတလျောက်ရှိကျေးရွာတွေက ဒေသခံ ၁ သိန်းကျော်စစ်ဘေးရှောင်နေရပြီး အများစု ကတော့နေရပ်မပြန်ရသေးဘူးလို့ ဆိုပါတယ်။

သပိတ်ကျင်းမြို့ကို ၂၀၂၄ နှစ်လယ်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း မတ္တရာ၊ စဥ့်ကူးမြို့နယ်တွေနဲ့အတူ တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားခဲ့တာလည်း ဖြစ်ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။