ပြင်ဦးလွင်၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၂၆။
မန္တလေးနန်းတွင်းထဲမှာ တိုက်ခိုက်ခံရတာကြောင့် ရက်ပြောင်းပြီးလုပ်ရတဲ့ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းဖွင့်ပွဲနဲ့ ပြင်ဦးလွင်မြို့လည်ခေါင်က ၆ ထပ်ဈေးဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၁ ရက်မနက်ဖြန်လုပ်မှာဖြစ်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်မယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြင်ဦးလွင်မြို့နယ်၊ ပြင်စာရွာအနီးက ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းကို ပြန်လည်စတင်ဖို့အတွက် မနက်ဖြန်မှာ ပြင်စာရွာအနီး စီမံကိန်းဧရိယာမှာ ပြုလုပ်မှာလို့ဆိုပါတယ်။
“အရင်က ဒီလ ၄ ရက် နေ့လုပ်ဖို့ပြင်ထားတာ။နန်းတွင်းထဲ ရှော့တိုက်ဒုံးကျပြီး ရက်ချိန်းလိုက်တာ။ မနက်ဖြန်လုပ်မှာ။ ပွဲတက်မယ့် ကုမ္ပဏီတွေ ဒီနေ့ရောက်နေကြပြီ”လို့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ပြင်ဦးလွင်မြို့လည်ခေါင်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားဖြစ်သူအောင်ပြည့်စုံ ပိုင်ဆိုင်တဲ့ ခြောက်ထပ်ဈေး(Shopping Center)လည်း ဖွင့်ပွဲလုပ်မယ်လို့ သိရပါတယ်။
“ဒီနေ့ကြိုတင်လေ့ကျင့်တာတွေ မြို့ထဲမှာလုပ်နေပြီ။ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေလည်း ကျနေတယ်။ လမ်းကြောင်းရှိတယ်။ မြို့ပတ်ဝန်းကျင်လည်း ပတ်ကြည့်မယ်လို့ကြားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်လမ်းကြောင်းကြောင့် မန္တလေး- ပြင်ဦးလွင်လမ်းပိုင်းလည်း လုံခြုံရေးတင်းကျပ်ထားပြီး မြေသယ်ကား၊ ကျောက်သယ်ကားတွေ ဖြတ်သန်းခွင့်လည်း ပိတ်ထားတယ်လို့ သိရပါတယ်။