ယင်းမာပင်၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၂၆။
ဗမာ့အမျိုးသားတော်လှန်ရေးတပ် – BNRA က ထုတ်ပေးထားတဲ့လက်နက်တွေကိုင်ဆောင်ထားပါက အပ်နှံကြဖို့ ယင်းမာပင်ခရိုင်ပကဖက ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ BNRA တပ်ဖွဲ့ဝင်တွေ၊ BNRA နဲ့မဟာမိတ်တပ်၊ LPDF တွေအပါ BNRA ထံက လက်နက်ရယူထားသူတွေအားလုံးအနေနဲ့ လက်ဝယ်ရှိတဲ့ လက်နက်နဲ့ဆက်စပ်ပစ္စည်းတွေကို ဆက်သွယ်အပ်နှံကြဖို့ ထုတ်ပြန်ထားတာပါ။
” BNRA ကနေပြီးတော့ အရင်ကဆိုရင် ဖြန့်ပေးထားတာရှိတယ်။ ၁ ရွာဘယ်နှစ်လက်၊ Local တွေကို ဘယ်နှစ်လက်ဆိုပြီး ပေးထားတာ” လို့ ယင်းမာပင်ခရိုင်ပကဖအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
အထက်ပါတပ်ဖွဲ့ဝင်တွေအနေနဲ့ လက်နက်တွေကို ရောင်းချတာ၊ ပေါင်နှံတာ၊ ဖျောက်ဖျက်တာနဲ့ ဖျက်ဆီးတာတွေ မပြုလုပ်ကြဖို့ ထုတ်ပြန်ချက်မှာပါရှိပြီး ခရိုင်ပကဖရဲ့စစ်ဆေးချက်တွေအရ ပေါ်ပေါက်ပါက ပြင်းပြင်းထန်ထန် အရေးယူခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ယင်းမာပင်ခရိုင်အတွင်းသက်ဆိုင်ရာ ရပ်ကျေး၊ တိုက်နယ် ပအဖ၊ ပကဖတွေအနေနဲ့လည်း နယ်မြေအတွင်း အခြေချနေထိုင်တဲ့ BNRA တပ်ဖွဲ့ဝင်တွေကို မြို့ နယ်နဲ့ခရိုင်ပကဖ အဖွဲ့တွေထံ အကြောင်းကြားဖို့ တိုက်တွန်းထားပါတယ်။