ဆားလင်းကြီးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အစည်းအဝေးလုပ်နေချိန် ဗုံးကြဲခံရလို့ ၁၁ ဦးကျဆုံး

0 0
0 0

ဆားလင်းကြီး၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ အစည်းအဝေးလုပ်နေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဗုံးကြဲခံရပြီး ၁၁ ဦးကျဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက် ယမန်နေ့ နေ့လ​ယ် ၁၂ နာရီကျော်မှာ နမခစစ်ဌာနချုပ်က ပျံသန်းလာတဲ့ စက်တပ်လေထီး ၃ စီးက အစည်းအဝေးလုပ်နေတဲ့ ဖိုလ်ဝင်တောင်အနီး PDF စခန်းထဲကို ၁၂၀ ဗုံးသီးတွေကြဲချခဲ့တာလို့ ဆိုပါတယ်။

“အခြားက ခေါင်းဆောင်တွေလည်း ရောက်နေတယ်။ အစည်းအဝေးပုံစံမျိုး။ ပါရာမိုတာနဲ့လာကြဲတဲ့အတွက် ပြေးတဲ့သူကပြေး။ ကတုတ်ကျင်းထဲပုန်းတဲ့သူကပုန်း။ ဂျက်ဖိုက်တာနဲ့လည်း လာသေးတယ်။ မကြဲသွားဘူး။ အစည်းအဝေးလုပ်တာ သတင်းပေါက်တာဖြစ်နိုင်တယ်။ လိုကေးရှင်းက အရင်ကတည်းကပေါက်နေတာ။ အရင်ကလည်း လာဝဲတယ်။ ဘာမှမလုပ်ဘူး။ အခုလည်းလာဝဲတာ အခြားနေရာသွားမယ်ပဲထင်ကြတာ”လို့ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဗုံးကျပေါက်ကွဲတာကြောင့် စခန်းအတွင်းရှိနေတဲ့ PDF အဖွဲ့စုံက တပ်ဖွဲ့ဝင် ၁၁ ဦးကျဆုံးပြီး ထိခိုက်သူအချို့လည်းရှိသလို စခန်းအဆောက်အဦတွေလည်းပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ကျဆုံး PDF အဖွဲ့ဝင်တွေဟာ တပ်ဖွဲ့ ၃ ခုထက်မနည်းက အဖွဲ့ဝင်တွေဖြစ်ပြီး ၎င်းတို့ကို ယမန်နေ့မှာပဲ နေ့ချင်းသင်္ဂြိုဟ်လိုက်ကာ တပ်ဖွဲ့ဝင်တွေကျဆုံးမှုနဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေကို သက်ဆိုင်ရာတပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်ပေးသွားဖို့ရှိနေတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၄ ရက်ကလည်း ဆားလင်းကြီးမြို့နယ်၊ မတောင့်တကျေးရွာရှိ တိုက်နယ်ဆေးရုံ ဗုံးကြဲခံရပြီး CDM ဆရာဝန် ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။