ဇေယျဝတီက စစ်တပ်ဂိတ်ကို PDF ဝင်ပစ်ပြီး လက်နက်တွေသိမ်း

0 25
0 25

ဖြူး၊ ဖေဖော်ဝါရီ ၆၊ ၂၀၂၆။

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ သကြားစက်အနီးရှိ စစ်ကော်မရှင်ဂိတ်ဝင်ရောက်ပစ်ခတ်ရာ ၁ ဦးသေဆုံးပြီး သေနတ် ၂ လက်ရရှိခဲ့တယ်လို့ ဧရာဝတီ အမှတ် ၃ တပ်ရင်း တာဝန်ရှိသူဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၅ ရက်ညနေ ၄ နာရီလောက်မှာ ဂိတ်အတွင်းစစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ ဦးတည်းရှိနေချိန်မှာ ဝင်ရောက်ပစ်ခတ်ပြီး သေနတ် ၂ လက်၊ ကျည်ဘောက် ၂ ခုနဲ့ ကျည် ၄၀ ကိုယူဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

“သွားတာက စုစုပေါင်းရဲဘော် ၃ ဦးသွားတာ။ ဂိတ်နဲ့မီတာ ၃၀၀ လောက်အကွာမှာ ၂ ယောက်က အခြေနေစောင့်ကြည့်ပြီးနေခဲ့တာ ၁ ယောက်တည်းက ပစ္စတိုနဲ့ဝင်ပစ်ခဲ့တာ။ ဂိတ်မှာက ၂ ယောက်၊ ၂ ယောက်စီ အလှည့်ကျလာစစ်တာ။ ဂိတ်နားပတ်ဝန်းကျင်အိမ်တွေ ကျန်တဲ့သူတွေက အရက်သောက်နေတာ။ ၂ ယောက်စစ်တဲ့အထဲ ၁ ယောက်က ကွမ်းသွားဝယ်ချိန် ကျန်တဲ့ ၁ ယောက်ကို အနီးကပ်ပစ်ခဲ့တာ”လို့ ဧရာဝတီအမှတ် ၃ တပ်ရင်း IO ရောင်နီက ပြောပါတယ်။

ဒီပစ်ခတ်မှုကို ဧရာဝတီအမှတ် ၃ တပ်ရင်း၊ ဟင်္သာတခရိုင်အမှတ် ၂ တပ်ရင်းက ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာလို့သိရပါတယ်။

ပစ်ခတ်ချိန်သေဆုံးခဲ့သူဟာ တပ်ကြပ်ကြီးဖြစ်တယ်လို့ မြေပြင်သတင်းပေးတွေရဲ့ပြောကြားချက်အရအတည်ပြုနိုင်ခဲ့ပြီး ပစ်ခတ်ပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာတွေကိုစစ်ဆေးမှုတွေလုပ်ခဲ့ကာ ည ၁၀ နာရီခန့်မှာလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ကြတယ်လို့ IO ရောင်နီက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၄ ရက်မနက် ၁၀ နာရီကျော်မှာ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့အရှေ့တောင်ဘက် ကြပ်ကွင်းကျေးရွာရဲ့ တာဝါတိုင်အနီးမှာ စစ်ကော်မရှင်တပ်သားတွေနဲ့ ပကဖတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းမိခဲ့တဲ့ တပ်ကြပ်ကြီးဟောင်းနဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။