စစ်ကိုင်း၊ ဇွန် ၁၇၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲက ကျေးရွာတနေရာမှာ ဒီနေ့ မနက်က အသက် ၈၀ ဝန်းကျင် အမေတွေဦးဆောင်ပြီး “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” ဘန်နာကိုင်စွဲကာ ပန်းသပိတ်ပြုလုပ်ခဲ့ကြတယ်လို့ သပိတ်အဖွဲ့ဝင်တွေဆီက သိရပါတယ်။

“ထူးခြားတာက ဒီသပိတ်က အမေတွေချည်းပဲ ပြုလုပ်တဲ့ သပိတ်ဖြစ်တယ်။ အမျိုးသမီးကြီးတွေ အသက် ၆၀၊ ၇၀၊ ၈၀ ဒီအရွယ် အမေတွေချည်းပဲ ပါဝင်ပြီး ပြုလုပ်ခြင်းဖြစ်တယ်။”လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ အဖွဲ့ဝင် မချောစုစံက ပြောပါတယ်။
အဲ့ဒီ ပန်းသပိတ်ကို မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၊ မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊ အမျိုးသမီးမဟာမိတ်အင်အားစုတို့လည်း ပူးပေါင်း ဝန်းရံခဲ့ကြပါတယ်။

ဒါ့အပြင် သပိတ်အင်အားစုတွေကလည်း ဇွန်လ ၁၉ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈နှစ်ပြည့်မွေးနေ့မှာ ပန်းသပိတ်ပြုလုပ်ဖို့ တနိုင်ငံလုံးက ပြည်သူတွေကိုလည်း နှိုးဆော်ထားပါသေးတယ်။