မြိုင်မှာ စစ်တပ်က နေအိမ်ကိုမီးရှို့ပြီး ပြည်သူပိုင်ရိက္ခာတွေကိုသယ်သွား

0 9
0 9

မြိုင်၊ ဖေဖော်ဝါရီ ၂၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်၊ အိုရင်းရွာမှာ စစ်ကော်မရှင်စစ်ကြောင်းက နေအိမ် ၂ လုံးမီးရှို့ခဲ့ပြီး ပြည်သူပိုင် ပဲ၊ ဆန်နဲ့ နှမ်းအိတ်ပေါင်း ၄၀၀ ကျော်ကိုယူသွားတယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၃၁ ရက်ညနေ ၅ နာရီခန့်မှာ အင်အား ၂၀၀ ခန့်ပါ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးတွေက အိုရင်းရွာကိုဝင်ကာ နေအိမ် ၂ လုံးကို မီးရှို့တပ်စွဲခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက် ညနေ ၅ နာရီခန့်မှာ တပ်စွဲတဲ့ ဘုန်းကြီးကျောင်းမှာသိုလှောင်ထားတဲ့ ပဲ၊ နှမ်းနဲ့ ဆန်အိတ်တွေကို သယ်ယူသွားကြတယ်လို့ ဆိုပါတယ်။

“ကားတွေ လှည်းတွေ ထွန်စက်တွေနဲ့ သယ်သွားကြတာ။ ဘုန်းကြီးကျောင်းမှာထားတဲ့ဟာ အကုန်လုံးက ဘုန်းကြီးကျောင်းပိုင်မဟုတ်ဘူး။ ပြည်သူတွေကတော့ ဘုန်းကြီးကျောင်းဆိုတော့ ဘေးလွတ်နိုင်တယ်ဆိုတဲ့ တွေးထင်ချက်နဲ့ ဘုန်းကြီးကျောင်းစုထားကြတဲ့ဟာတွေပေါ့။ ၁ ရက်နေ့မှာ သယ်ပြီး ထွက်သွားကြတယ်”လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံက ပြောပါတယ်။

ပုံစာ – ဇန်နဝါရီ ၁၅ ရက်က မြိုင်မြို့နယ်၊ နှောပင်ရွာကို စစ်ကော်မရှင်တပ် မီးရှို့ခဲ့စဥ်။ (ပုံဟောင်း)

သယ်သွားတဲ့ရိက္ခာတန်ဖိုးဟာ ခန့်မှန်းခြေ ကျပ်သိန်း ၁,၀၀၀ ဝန်းကျင်ရှိပြီး အဲ့ဒီပစ္စည်းတွေကို ပျူစောထီးအားကောင်းတဲ့ တွင်းမရွာမှာထားခဲ့ပြီး စစ်ကြောင်းကတော့ ကမ္မဘက်ကို ပြန်ထွက်သွားတာလို့ ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဇန်နဝါရီနောက်ဆုံးပတ်ကတည်းကစစ်ကြောင်းထိုးနေတဲ့ ပခုက္ကူ တပ်မ ၁၀၁ ကစစ်ကြောင်းဖြစ်ပြီး ကမ္မမြို့၊ ညောင်ဂျစ်ပင် ပျူစောထီးစခန်း၊ သစ်ပုလွေကုန်း၊ သုံဘိုကျေးရွာတွေကို ဝင်ရောက်ခဲ့သလို မြိုင်မြို့နယ်က တွင်းမပျုစောထီးစခန်း၊ မြဇီးတောရွာကိုလည်း ဝင်ရောက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုတာဝန်ခံက ပြောပါတယ်။

စစ်ကြောင်းလာစဥ်လမ်းတလျှောက်မှာ ပခုက္ကူမြို့နယ်ထဲက သစ်ပုလွေကုန်း၊ သံဘိုကျေးရွာတွေက တဲအိမ်တွေနဲ့ ဘုန်းကြီးကျောင်း ၁ ကျောင်းအပါအဝင် အဆောက်အဦး ၁၀ လုံးကျော်မီးရှို့ဖျက်ဆီးခဲ့သလို အဲ့ဒီကျေးရွာတွေရှိ ကျဆုံး PDF တပ်ဖွဲ့ဝင်တွေရဲ့ အုတ်ဂူတွေကိုလည်းဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။