ခြင်ဆေးခွေမီးကတဆင့် မီးလောင်ပြီး သက်ကြီးပိုင်းအမျိုးသမီး ၁ ဦး သေဆုံး

0 8
0 8

တောင်ငူ၊ ဖေဖော်ဝါရီ ၂၊ ၂၀၂၆။

ပဲခူးတိုင်း၊ တောင်ငူမြို့၊ ၁၉ ရပ်ကွက်ရှိ မြင်းဖြူအင်းဘုရားအနီးမှာ နေအိမ်မီးလောင်ပြီး သက်ကြီးပိုင်း အမျိုးသမီး ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ပေးခဲ့သူတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မနက် ၂ နာရီခွဲမှာ ဘုရားအနီးရှိ နေအိမ် ၁ အိမ်မှာ ခြင်ဆေးခွေမီးကတဆင့် မီးစတင်လောင်ပြီး ဘေးအိမ်တွေကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

“အိပ်ယာဘေး ခြင်ဆေးခွေထွန်းထားရာကနေ မီးလောင်တာလို့ သိရတယ်။ မနက်အစောဆိုတော့ အိပ်ကောင်းနေချိန် မဆွဲထုတ်လိုက်နိုင်လို့ ၁ ယောက်ဆုံးတာ။ အိပ်ပျော်နေကြတော့ မသိလိုက်တာ ဖြစ်နိုင်တယ်။”လို့ မီးလောင်ချိန် ကူညီပေးခဲ့သူတဦးက ပြောပါတယ်။

မီးလောင်မှုကြောင့် အသက် ၈၀ အရွယ် ဒေါတင်တင်အေးမှာ မီးလောင်သေဆုံးပြီး အသက် ၄၀ အရွယ် သမီးဖြစ်သူ နဲ့ ၁၀ နှစ်ကျော်အရွယ် မြေးဖြစ်သူယောက်ျားလေး ၁ ဦး မီးလောင်ဒဏ်ရာပြင်းထန်ရပြီး တောင်ငူဆေးရုံကနေတဆင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကိုပို့ထားရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အိမ်နီးချင်းနေအိမ် ၄ လုံးမှာလည်း မီးကူးစက်လောင်ကျွမ်းခဲ့ပြီး မီးလောင်ချိန် တောင်ငူမြို့နယ်မီးသတ်၊ လူမှုကူညီရေးအသင်းတွေနဲ့ဒေသခံတွေက မီးငြှိမ်းသတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၃၁ ရက်မနက်ပိုင်းကလည်း တောင်ငူမြို့နယ်၊ လေးမိုင်ကျေးရွာနဲ့ ငါးမိုင်ကျေးရွာကြားရှိ နေအိမ် ၁ လုံးမီးလောင်ပြီး အမျိုးသား ၁ ဦးမီးလောင်သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။