ကနီ CDM ဆင်စခန်းကို ပြည်သူတွေက ကျပ်သိန်း ၇၀ ကျော်လှူဒါန်း

0 0
0 0

စစ်ကိုင်း၊ ဇွန် ၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် CDM ဆင်စခန်းရှိ မိသားစုဝင်တွေအတွက် စုပေါင်းလှူဒါန်းပေးတဲ့အလှူငွေတွေကို အလှူရှင်တွေကိုယ်စား သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ဇွန်လ ၇ ရက် မနက် ၁၀ နာရီလောက်မှာ CDM ဆင်ဦးစီး ၃၃ ဦးနဲ့ မိသားစုဝင် ၁၁၇ ဦးရဲ့ စားဝတ်နေရေးအတွက် ပြည်သူတွေကအလှူငွေထည့်ဝင်ပေးခဲ့တာဖြစ်ပြီး ငွေကျပ် ၇၁ သိန်း ၅ ထောင် လှူဒါန်းခဲ့တာလို့ သိရပါတယ်။

“မိသားစုတစုကို ငွေ ၂ သိန်းကျော်တော့ရပါတယ်။ သူတို့စျေးဝယ်ရတဲ့ဆိုင်က ဆင်စခန်းကနေ ဆင်နဲ့သွားရင် ၆ နာရီလောက်သွားမှရောက်တာဗျ။ ဆိုင်ကလည်းမြို့နဲ့အလှမ်းဝေးတော့ သူတို့ဝယ်စားရတာ စျေးတော့များတာပေါ့” လို့ ကျောက်လုံးကြီးKLGတပ်မဟာရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုAT က ပြောပါတယ်။

ဆင်ထိန်းတွေက ဆင်တွေကိုစေတနာ့ဝန်ထမ်းအဖြစ် စောင့်ရှောက်ပေးနေတာဖြစ်ပြီး သူတို့စားဝတ်နေရေးအတွက် သီးနှံတွေစိုက်ပျိုးစားကြသလို တောထဲကရတဲ့ မှို၊ မျှစ်၊ အင်ဥ စတဲ့ရာသီပေါ် သီးနှံတွေကိုလည်း ရောင်းချစားသောက်နေထိုင်ကြတာလို့ သူကဆက်ပြောပါတယ်။

ကျောက်လုံးကြီး KLG တပ်မဟာကထုတ်ပြန်တဲ့ ရုပ်သံဗီဒီယိုဖိုင်မှာ အလှူငွေလက်ခံရရှိတဲ့ ဆင်ဦးစီးမိသားစုဝင်တဦးကလည်း ပြည်သူတွေလှူဒါန်းတဲ့ငွေကိုလက်ခံရရှိကြောင်းနဲ့ အလှူရှင်တွေ ကျန်းမာချမ်းသာစေကြောင်းပြန်လည် ဆုမွန်တောင်းပေးနေတာကိုလည်း တွေ့ရပါတယ်။

အဲဒီ ဆင်ဦးစီးမိသားစုတွေဟာ အာဏာသိမ်းပြီးချိန်ကစလို့ ကနီမြို့နယ်သစ်တောဦးစီးဌာနကနေ ဆင်ကြီး ၃၆ ကောင်နဲ့အတူ CDM ဝင်ရောက်လာတာဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ်ကကျန်းမာရေးချို့ယွင်းတဲ့ ဆင်ကြီးတကောင် ကုသဖို့ဆေးဝါးမရှိလို့ သေဆုံးခဲ့ပါသေးတယ်။

ကျန်ရှိတဲ့ ဆင် ၃၅ ကောင်ထဲက ဆင်မတကောင်ဟာ ၁ ကောင်မွေးဖွားခဲ့လို့ လက်ရှိမှာ ဆင်ကြီး ၃၅ ကောင်နဲ့ ဆင်ပေါက် ၁ ကောင်ကိုထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

ကနီမြို့နယ်နဲ့ယင်းမာပင်မြို့နယ်ထဲမှာ အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းမြေရှိပြီး ယခင်အစိုးရအဆက်ဆက် သစ်တောဦးစီးဌာနက သစ်ထုတ်လုပ်ရာမှာ ဆင်တွေကိုအသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။

အခုနှစ် ဇန်နဝါရီလ ၂၁ ရက်ကလည်း CDM ဆင်ဦးစီးမိသားစုဝင်တွေကို ကျောက်လုံးကြီး KLG တပ်မဟာအဖွဲ့က ဆန် ၁ တင်းခွဲ ၃၂ အိတ်၊ ကနီမြို့ ပြည်သူတွေက ငွေ ၄ သိန်း ၅ ထောင်ကျပ်နဲ့ ကနီမြို့ နယ်လူသားချင်းစာနာအဖွဲ့က ကျပ်သိန်း ၁၀၀ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။