စခန်းစီးနင်းခံရပြီး အမျိုးသမီးရဲဘော် ၂ ဦးအပါ ၄ ဦးနဲ့ ရွာသား ၂ ဦး အသတ်ခံရ

0 1
0 1

စစ်ကိုင်း၊ ဇွန် ၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ရေကန်စုရွာအနီး အခြေစိုက်ထားတဲ့ မုံရွာတပ်ရင်း – ၂၇ရဲ့ တပ်ခွဲ – ၂ စခန်းတခု စီးနင်းခံခဲ့ရပြီး ရဲဘော် ၄ ဦးနဲ့ ရွာသား ၂ ဦး အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။|

ဇွန်လ ၇ ရက် မနေ့ကမနက် ၅နာရီမှာ ကျောက်စစ်ပုံရွာအနီးရှိ အမှတ် ၅၀၈ အမြောက်တပ် ကနေထွက်လာတဲ့ အင်အား ၈၀ ပါ စစ်ကောင်စီစစ်ကြောင်းတခုက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်ကာ ရုတ်တရက် ဝင်စီးလာခဲ့တာလို့ မုံရွာခရိုင် တပ်ရင်း -၂၇ တပ်ရင်းမှူး ကိုစိုးကြီးက ဆိုပါတယ်။

“မနက် ၅ နာရီ PT ဆင်းရမှာမို့ ၄ နာရီခွဲ ကင်းဖြုတ်လာတဲ့အချိန် ဝင်တာ၊ ၅ နာရီထိုးလို့ ခရာလည်းမှုတ်ရော တန်းဝင်စီး‌တာပဲ၊ ၄၀ မမ မှန်တဲ့ ‌ရဲဘော် ၂ ယောက်ကကျန်ခဲ့တယ်၊ မိန်းကလေးတွေက ပုန်းနေတာကနေ တွေ့ပြီးပါသွားတာ၊ အကုန်လုံးကို တခါထဲသတ်ပြီး မီးရှို့ထားခဲ့တယ်၊ PT ပြေးမယ့်အချိန် ဝင်တာဆိုတော့ ဂန်းအစစ်တွေကလွဲရင် ဘာမှမယူလိုက်နိုင်ဘူး”လို့ ပြောပါတယ်။

စခန်းစီးခံရလို့ ရဲဘော် ကျော်လေး အသက် ၁၇ နှစ်၊ ရဲဘော် BE ၂၄ နှစ်၊ ရဲဘော် ဇင်ဇင်စိုး ၁၈ နှစ်၊ ရဲဘော် ခင်ရတနာဦး အသက် ၂၀ နှစ်အပြင် စခန်းအနီးရှိနေတဲ့ ရေကန်စုရွာက အသက် ၅၀ အရွယ်အမျိုးသား အပါအဝင် ရွာသား ၂ ဦးလည်း အသတ်ခံခဲ့ရကာ အလောင်းတွေကို မီးပုံရှို့ခဲ့ပြီး ရဲဘော်တဦးကိုတော့ ခေါင်းဖြတ်ပြီးမှ မီးထဲထည့်ရှို့သွားတာလို့ သိရပါတယ်။

အသတ်ခံရတဲ့ ရွာသား ၂ ဦးရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။

စခန်းမှာရှိတဲ့ တခြားရဲဘော်တွေကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ကာ ကျည်ထိမှန်ထားတဲ့ ရဲဘော် ၅ ဦးကတော့ ဆေးကုသနေရပြီး ကျန်ရှိရဲဘော်တွေကတော့ ထွက်ပြေးချိန် ကျည်ရှပ်ထိမှန်ဒဏ်ရာ၊ လက်နက်ကြီးစမှန် ဒဏ်ရာနဲ့ ပွန်းပဲ့ဒဏ်ရာတွေရထားကြသလို အသက်အန္တရာယ်ကတော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စခန်းမှာရှိတဲ့ စစ်ရေးပစ္စည်းတွေနဲ့ ရဲဘော်တွေကိုင်ဆောင်တဲ့ ဖုန်းအကုန်လုံး သိမ်းဆည်းခံလိုက်ရတဲ့အတွက် တပ်ဖွဲ့နဲ့ အချိတ်ဆက်ရှိသူတွေအနေနဲ့ အဆိုပါဖုန်းတွေကို ဆက်သွယ်တာတွေမလုပ်ဖို့၊ လုံခြုံရေးသတိထားဖို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၈ ရက်ကလည်း မုံရွာမြို့ပေါ်ကို ဆေးခန်းလာပြတဲ့ မုံရွာ UG ရဲဘော် ၂ ဦး ဖမ်းဆီးခံခဲ့ရကာ တဦးကတော့ စစ်ကြောင်းနဲ့ပါသွားပြီး သတ်ဖြတ်ခံလိုက်ရကာ တဦးကတော့ စစ်ကြောရေးမှာ အသတ်အန္တရာယ်စိုးရိမ်နေရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။