ကနီ၊ ဇန်နဝါရီ ၂၃၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက တဇယ်ချောင်၊ မင်းကုန်း၊ စိန်ကုန်းကျေးရွာတို့မှာ စက်တပ်လေထီးနဲ့ ဗုံးကြဲခံရတာကြောင့် ၁ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ဇန်နဝါရီ ၂၂ ရက်မနက် ၆ နာရီခန့်မှာ စစ်ကော်မရှင်ရဲ့ စက်တပ်လေထီး ၁ စီးက တဇယ်ချောင်ရွာကို ဗုံးသီး ၂ လုံး၊ နေ့လယ် ၂ နာရီကျော်ခန့်မှာ မင်းကုန်းကျေးရွာကို ၂ လုံး၊ ညနေ ၆ နာရီကျော်မှာ စိန်ကုန်းကျေးရွာကို ၂ လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။
“တဇယ်ချောင်မှာတော့ ၂ လုံးတွဲကြဲတာ နေအိမ်ပဲထိတယ်၊ လူမထိဘူး။ မင်းကုန်းမှာကျတော့ ၁ လုံးပဲကွဲတယ်။ ၁ လုံးမကွဲဘူး။ အိမ်ပေါ်တည့်တည့်ကျတာ။ အိမ်ကတော့ လုံးလုံးပျက်စီးတယ်။ ဘေးအိမ်တွေလည်းထိတယ်။ စိန်ကုန်းကျတော့ ညနေ မှောင်ရီပျိုးစမှာကြဲတာ လူနေအိမ်မီးဖိုဆောင် ပေါ်ကျတာ သားအမိ ၂ ယောက်နဲ့ ဘေးအိမ်ကလူတွေထိကြတာ”လို့ ကနီမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။


ဒီဗုံးကြဲမှုကြောင့် တဇယ်ချောင်ကျေးရွာမှာ နေအိမ် ၁ လုံးပျက်စီးကာ မင်းကုန်းရွာမှာ အသက် ၇၀ အရွယ် အမျိုးသား ၁ ဦးဒဏ်ရာရ၊ နေအိမ် ၃ လုံးပျက်စီးပြီး စိန်ကုန်းရွာမှာတော့ အသက် ၃၇ နှစ်အရွယ် အမျိုးသမီး ၁ ဦးသေဆုံးကာ မိခင်ဖြစ်သူ အသက် ၇၀ ကျော်အရွယ်အဖွားအို ၁ ဦးနဲ့ နောက်ထပ်အမျိုးသမီး ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ကနီမြို့ပေါ်မှာ စစ်ကော်မရှင်က ရွေးကောက်ပွဲအပိုင်း ၃ ကိုကျင်းပပြုလုပ်မှာဖြစ်တာကြောင့် မြို့နဲ့ ၂ မိုင်ကျော်အကွာမှာရှိတဲ့ ကျေးရွာတွေကို ဗုံးလိုက်ကြဲတာဖြစ်နိုင်ပြီး မင်းကုန်း၊ စိန်ကုန်း၊ တဇယ်ချောင်ကျေးရွာက ဒေသခံတချို့လည်း ဘေးလွတ်ရာကိုတိမ်းရှောင်နေကြတယ်လို့ ပကဖ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။


ဇန်နဝါရီ ၁၅ ရက်ကလည်း ကနီမြို့နယ်၊ ရှမ်းမြောင်ရွာက ဘုန်းကြီးကျောင်းပေါ်ကို စက်တပ်လေထီးနဲ့ ဗုံးကြဲခံရပြီး သံဃာ ၂ ပါး ဒဏ်ရာရတယ်လို့ သိရပါတယ်။
စာတည်း – လင်း