အောင်လံ၊ ဇန်နဝါရီ ၂၃၊ ၂၀၂၅။
မကွေးတိုင်း၊ အောင်လံမြို့နယ်၊ တပ်ကုန်းကျေးရွာမှာ စစ်ကော်မရှင်ဘက်က ဗုံးကြဲခဲ့တာကြောင့် ၂ နှစ်အရွယ်ကလေးငယ် အပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆီက သိရပါတယ်။
အိမ်ခြေ ၂၀၀ ကျော်နဲ့ လူဦးရေ ၈၀၀ ကျော်နေထိုင်တဲ့ တပ်ကုန်းရွာကို ဇန်နဝါရီ ၂၂ ရက်နေ့လယ် ၁ နာရီကျော်မှာ စစ်ကော်မရှင်ရဲ့ ဂျက်ဖိုက်တာက ရွာထဲကိုပေါင် ၃၀၀ ဗုံး ၄ လုံး ကြဲချခဲ့တာလို့ဆိုပါတယ်။
“မင်္ဂလာဆောင်နားက နေအိမ်ကိုကြဲချလိုက်တာ။ မင်္ဂလာဆောင်ကို စကြဲတာ။ ပထမ ၂ လုံး ၁ ခါ၊ ပြီးတော့ ၁ လုံး။ ၁ လုံး ၂ ခါ လာကြဲသွားတာ။ သေဆုံးတဲ့အထဲကလေးတွေရော သက်ကြီးပိုင်းတွေ ရောပါတယ်”လို့ အောင်လံမြို့နယ်ပကဖ ဒုတာဝန်ခံကပြောပါတယ်။


ဗုံးကြဲခံရလို့ ၂ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး၊ အသက် ၆၀ ကျော်အမျိုးသမီး ၁ ဦး၊ အသက် ၂၀ ကနေ ၄၀ ကြား အမျိုးသား ၃ ဦး စုစုပေါင်း ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ ဦး ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဗုံးကျပေါက်ကွဲတဲ့နေအိမ်တွေအပါအဝင် မီးကူးစက်လောင်တဲ့အတွက် နေအိမ် ၁၀ လုံးလည်း မီးလောင်ပျက်စီးခဲ့ကာ ဒေသခံတွေလည်း ရွာကတိမ်းရှောင်နေကြတယ်လို့ အထက်ပါဒုတာဝန်ခံက ပြောပါတယ်။
ဇန်နဝါရီ ၁၉ ရက်နေ့ကလည်း ဆိပ်ဖြူမြို့နယ်ထဲက ဆင်နီတောင်ကျေးရွာမှာ စက်တပ်လေထီးနဲ့ဗုံးကြဲခံရလို့ အမျိုးသမီး ၁ ဦးလက်ပြတ်သွားတယ်လို့ သိရပါတယ်။
စာတည်း – လင်း