မြေလတ်အသံ၊ ဇန်နဝါရီ ၂၀၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်နဲ့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က ကျေးရွာတွေကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီပဲယင်းမြို့နယ်က အိမ်ခြေ ၅၀၀ ကျော်ရှိပျံကျကျေးရွာကို ဇန်နဝါရီ ၁၉ ရက်ည ၁၀ နာရီကျော်မှာ တိုက်ခိုက်ရေးလေယာဥ်နဲ့ ဗုံသီး ၂ လုံးကြဲတိုက်ခိုက်ခဲ့ရာ ကွက်သစ်ရပ်ကွက်ထဲကိုကျရောက်ကာ အသက် ၆၀ အရွယ်အမျိုးသမီး ၁ ဦးသေဆုံးပြီး အသက် ၃၀ အရွယ်အမျိုးသား ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
“ဒီရွာ(ပျံကျရွာ)က ဖိုင်တာနဲ့ကြဲတာ ဒါပထမဆုံးပဲ။ အရင်တုန်းက မီးရှို့ခံရတာရှိခဲ့တယ်။ သေဆုံးတဲ့ အဘွားက ဗုံးခိုကျင်းထဲမသွားဘဲ အိမ်ပေါ်မှာကျန်ခဲ့တာတဲ့။ အိမ်ပေါ် ဗုံးကျတော့ ပွဲချင်းပြီး သေသွားတာလေ။ ဒဏ်ရာရတဲ့ ၁ ယောက်ကတော့ စစ်ဘေးရှောင်လို့ ပြောတယ်”လို့ ဒီပဲယင်းဒေသခံ အမျိုးသားတဦးက ပြောပါတယ်။


ပျံကျကျေးရွာအနီးဝန်းကျင်မှာ စစ်ကြောင်းထိုးတိုက်ပွဲဖြစ်နေတာမရှိသလို PDF တပ်ဖွဲ့တွေ စခန်းချနေထိုင်တာတွေလည်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း လူနေအိမ် ၂ လုံးလည်း လုံးဝပျက်စီးခဲ့တယ်လို့ သူကဆိုပါတယ်။
ပျံကျကျေးရွာကို ပြီးခဲ့တဲ့၂၀၂၂ ဒီဇင်ဘာလအတွင်းမှာလည်း အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ်သားတွေက ၃ ကြိမ်တိုင် ဝင်ရောက်မီးရှို့ခဲ့ရာ လူနေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျခဲ့တယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
အလားတူ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ထဲက ဆင်နီတောင်ကျေးရွာမှာ စက်တပ်လေထီးနဲ့ဗုံးကြဲခံရပြီး အမျိုးသမီး ၁ ဦးလက်ပြတ်သွားတယ်လို့ ဆိပ်ဖြုမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူ တဦးဆီက သိရပါတယ်။
ဇန်နဝါရီ ၁၉ ရက်ညနေ ၄ နာရီကျော်မှာ ကပစ ၂၂ ဘက်ကနေတက်လာတဲ့ စက်တပ်လေထီး ၁ စီးဟာ ကျေးရွာထဲကို ဗုံးသီး ၂ လုံးကြဲချပြီး စက်လတ်နဲ့လည်း ပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။
“ကပစထဲ စက်တပ်လေထီးရောက်တာက တပတ်လောက်ရှိနေပြီ။ ထိတဲ့သူက အိမ်ထဲရှိနေချိန်ထိတာ။ အိမ်ပေါ်ကျတာ။ ကျန်မိသားစုဝင်တွေတော့ နေအိမ်မှာမရှိဘူး။ သူတယောက်တည်းရှိနေချိန်ထိတာ”လို့ ဆိပ်ဖြူမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
ဗုံးထိမှန်တာကြောင့် အသက် ၄၀ ကျော်အရွယ် အမျိုးသမီးမှာ လက်မောင်းပြတ်ဒဏ်ရာနဲ့ စိုးရိမ်ရအခြေနေကြောင့် ဆေးကုနေရကာ နေအိမ် ၁ လုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဆင်နီတောင်ရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ကြဲချတဲ့ဗုံးတွေထဲက ၁ လုံးက မပေါက်ကွဲသေးတာကြောင့် ရွာထဲရှိဒေသခံ ၇၀၀ ခန့်လည်း ဘေးလွတ်ရာကိုတိမ်းရှောင်နေကြတယ်ို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဩဂုတ် ၁၉ ရက်ကလည်း ဆိပ်ဖြူမြို့နယ်၊ ဝန်ကြီး၊ ရှားလှ၊ ကျွန်းတောရွာတွေကို Y 12 နဲ့ဗုံးကြဲခဲ့လို့ ပြည်သူ ၁၀ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း