ဆိပ်ဖြူနယ်က ကပစတပ် ၂ တပ်နဲ့ လေကြောင်းရန်တပ်ကို PDF က ပစ်ခတ်တိုက်ခိုက်

0 1
0 1

မကွေး၊ ဇွန် ၄၊ ၂၀၂၃။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၁)၊ အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ( ကပစ ၂၂)၊ အမှတ် ၂၀၃၆ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း (လကတ ၂၀၃၆)တပ်တွေကို ပြီးခဲ့တဲ့မေလ နောက်ဆုံးအပတ်အတွင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဇွန်လ ၄ ရက်ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ဆိပ်ဖြူမြို့နယ်၊ ရှောက်ပင်အင်းရွာအနီးမှာရှိတဲ့ ကပစ ၂၁ ကို မေလ ၂၄ ရက်မနက် ၃ နာရီခန့်နဲ့ ရွှေဘိုးကျွန်းရွာမှာရှိတဲ့ ကပစ ၂၂ တပ်ကို မေလ ၂၈ ရက်ည ၁၁ နာရီခန့်မှာ ရှောတိုက်ဒုံးတွေ အသုံးပြုပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုအတွင်း ကပစ ၂၁ တပ်ရဲ့ လက်နက်ဂိုထောင်အဆောက်အဦတခု ထိမှန်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ပစ်လိုက်တဲ့ ရှော့ဒုံးတွေက လက်နက်တိုက်ဂိုထောင်အဆောက်အဦတခု ထိတယ်ဆိုတာ တပ်တွင်းဖရဲသီးဆီက ပြန်သိရတယ်။ အထဲမှာရှိတဲ့လူတွေလည်း ထိခိုက်ဒဏ်ရာရနိုင်တယ်လို့ သိရတယ်။ မစ်ရှင်မစခင်ကတည်းက စကစဘက်က လက်နက်ကြီးတွေနဲ့ပစ်နေတာတွေရှိတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မေလ ၂၇ ရက်ညနေ ၅ နာရီလောက်မှာလည်း ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမကျေးရွာ အနောက်ဘက် ၁ မိုင်ခန့်အကွာက စာသင်ကျောင်းဖွင့်ပွဲအတွက် ကင်းပုန်းဝပ်နေတဲ့ လကတ ၂၀၃၆ တပ်ရင်းက စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ဒီတပ်က လစခ ၉ လက်အောက်ခံတပ် သူတို့ ၂၀၃၆ တပ်နားက စာသင်ကျောင်းဖွင့်ပွဲလုပ်ဖို့ ၁၀‌ ကောင်လောက် ကင်းပုန်းဝပ်နေတာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာမှာ ၃ ယောက်ထိတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ကပစ ၂၁၊ ၂၂နဲ့ လကတ ၂၀၃၆ တပ်တွေဟာ လေယာဉ်ဗုံးနဲ့လက်နက်ကြီးဗုံးသီးတွေထုတ်လုပ်နေတဲ့ စစ်ကောင်စီတပ်ရဲ့အရေးကြီးတဲ့လက်နက်ထုတ်လုပ်ရေးစက်ရုံတပ်တွေ ဖြစ်တယ်လို့ CDM တပ်မတော်သား အသိုင်းအဝိုင်းကပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကို ဂန့်ဂေါ်ခရိုင်အမှတ်(၅)တပ်ရင်း၊ ဆိပ်ဖြူ ပကဖ၊ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း၊ အမှတ် (၁၁) တပ်ရင်း၊ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်း ဆိပ်ဖြူဘာမထီ တပ်ခွဲ (၁)/ (၂)၊ ဗိုလ်မထားတပ်ခွဲ (၃) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ကလည်း ကပစ ၂၂ တပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ရှော့ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်အတွင်း တပ်ဖွဲ့ဝင်တွေနေထိုင်တဲ့ တပ်တွင်းအခေါ် ၆ လုံးတန်းအဆောက်အဦကို ထိမှန်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံကသိရပါတယ်။

စာတည်း − ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။