အင်းတော် စစ်တပ်ကုန်း လက်နက်ကြီးနဲ့အပစ်ခံရလို့ အရာရှိတဦးအပါ ၂ ဦးသေဆုံး

0 1
0 1

စစ်ကိုင်း၊ ဇွန် ၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာရှိတဲ့ စစ်တပ်ကုန်းထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က ရာထူးကြီးပိုင်းတဦးအပါအဝင် ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၂ရက် မနက် ၁နာရီဝန်းကျင်မှာ အင်းတော်မြို့ပြပြောက်ကျားတပ်ဖွဲ့က လက်နက်ကြီး ၃လုံးနဲ့ သွားရောက် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်တာတွေရှိတယ်လို့ ဆိုပါတယ်။

“သေတဲ့ထဲက တယောက်က ဗိုလ်ကြီးဆိုတာတော့ သိရတယ်၊ နာမည်ကတော့ စုံစမ်းတုန်းပဲ၊ ကိုယ့်ဘက်က ၃လုံးပစ်တော့ သူတို့ဘက်က တင့်ကားကို ရေကန်ပေါ်မှာထိုင်ပြီးကို ဘေးကိုပတ်ရမ်းပြီး လှည့်ပစ်တယ်” လို့ အင်းတော်မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ နီးစပ်တဲ့ အမျိုးသမီးရဲဘော်တဦးက ပြောပါတယ်။

အဲဒီလို စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်လို့ အင်းတော်မြို့နယ်၊ မန်ထုံတောင်ကြီးကျေးရွာက အဖွားအိုတဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အင်တော်ကြီးပြောက်ကျားအဖွဲ့ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်တပ်ကုန်းထဲမှာ အထိုင်ချထားတဲ့တပ်ဖွဲ့က အရာရှိတဦးနဲ့ တပ်သားတဦး စုစုပေါင်း ၂ဦး ပွဲချင်းပြီးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့ကာ ၁၂၀ မမနဲ့ ၁၀၇ မမ စတဲ့ လက်နက်ကြီး အထိုင်ချထားတဲ့နေရာနားကိုလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ ပျက်စီးမှုတချို့ရှိခဲ့ကာ ဒီကနေ့အချိန်ထိ ပြင်ဆင်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်ကုန်း(ရိက္ခာကုန်း)ဟာ ဒုတိယကမ္ဘာစစ်တုန်းက ကျန်ရှိနေတဲ့ ဂျပန်မြောက်အောက်ဆေးရုံဟောင်း တည်ရှိရာနေရာမှာ တပ်စွဲထားတာဖြစ်ပြီး အဆိုပါနေရာမှာ အမြဲတမ်း စစ်ကောင်စီအင်အား ၃၀နဲ့အထက်ရှိပြီး လက်နက်ကြီးတွေလည်း အထိုင်ချထားကာ အင်းတော်အနီးတဝိုက်တိုက်ပွဲတွေကို စစ်တပ်ကုန်းထဲကနေ လက်နက်ကြီး ပစ်ကူပေးလေ့ရှိတဲ့နေရာလည်း ဖြစ်ပါတယ်။

လက်နက်ကြီးထိမှန်သေဆုံးခဲ့တဲ့ စစ်သားအလောင်းတွေကိုတော့ အင်းတော် မီးသဂြိုဟ်စက်မှာ မနေ့ နေ့လယ်ကပဲ သွားရောက်သဂြိုဟ်လိုက်တယ်လို့ ဆိုပါတယ်။

အင်းတော်မြို့၊ ရွာသာယာရွာဘက်မှာ မေလ ၂၂ရက် ကနေ ၂၇ ရက်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိ ၅ ဦးအပါအဝင် ၃၅ ဦးကျော်သေဆုံးခဲ့ကာ စစ်တပ်ကုန်းကနေလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ကူပေးခဲ့ပါသေးတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။