မြေလတ်အသံ၊ ဇန်နဝါရီ ၁၆၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကနီနဲ့ ရေဦးမြို့နယ်တွေ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရလို့ အသက် ၁၀ နှစ် ဝန်းကျင်ကလေး ၁ ဦး သေဆုံးပြီး သံဃာ ၂ ပါးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
ဇန်နဝါရီ ၁၅ ရက် ယမန်နေ့ညနေ ၃ နာရီကျော်မှာ ကနီမြို့နယ်၊ ရှမ်းမြောင်ရွာဘုန်းကြီးကျောင်းပေါ်ကို စက်တပ်လေထီး ၂ စီးနဲ့ ဗုံး ၅ လုံးချခဲ့ရာ အောင်စင်္ကြာစေတီကုန်းပေါ်ရှိ ဂန္ဓကုဋီတိုက်ဓမ္မာရုံနဲ့ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းတိုက်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး သံဃာ ၂ ပါးဒဏ်ရာရတာလို့ ဆိုပါတယ်။


” သံဃာတွေက တောင်အောက်ကျောင်းပေါ်ရှိနေချိန် ထိကြတာ။ တောင်ပေါ်၊ တောင်အောက် ၂ ကျောင်းလုံးချခံရတာ။ ဘာတိုက်ပွဲမှမရှိဘဲ ဒီအတိုင်းလာချတာ။ စစ်ရှောင်တွေလည်း ကျောင်းမှာမရှိဘူး။” လို့ ကနီဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ဗုံးချခံရလို့ သက်တော် ၄၀ ကျော်အရွယ်ရှိ သံဃာတော် ၂ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တောင်ပေါ်ရှိဓမ္မာရုံနဲ့ တောင်အောက်ရှိ ဘုန်းတော်ကြီးကျောင်းဆောင်တွေပျက်စီးခဲ့ကာ ဗုံးချခံရပြီးနောက် ကျောင်းနေသံဃာနဲ့ ကိုရင်တွေဟာ ဘေးလွတ်ရာကိုပြောင်းရွှေ့နေထိုင်နေရတယ်လို့ သိရပါတယ်။


ဒါ့အပြင် ရေဦးမြို့နယ် လေးရွာ၊ အုန်းနပေါင်းရွာစာသင်ကျောင်းတွေနဲ့ ပင်စိမ်းခင်းကျေးရွာစာသင်ကျောင်းတွေကို ဇန်နဝါရီ ၁၀ ရက်၊ ၁၁ ရက်နဲ့ ၁၃ ရက်တွေမှာ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အသက် ၁၀ နှစ်ကလေး ၁ ဦး သေဆုံးခဲ့တယ်လို့ ရေဦးပကဖအဖွဲ့ထံက သိရပါတယ်။
“လေးရွာနဲ့ အုန်းနပေါင်းမှာက လူမနေတဲ့ စာသင်ကျောင်းတွေကို ကြဲတာဖြစ်လို့ လူအထိခိုက်မရှိခဲ့။ ကျောင်းဆောင်တွေပဲ ပျက်စီးခဲ့တာ။ ပင်စိမ်းခင်းမှာတော့ လူနေအိမ်တွေကျတာ ကလေး ၁ ယောက်သေတယ်”လို့ ရေဦးမြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။
အိမ်ခြေ ၅၀ ခန့်သာရှိတဲ့ ပင်စိမ်းခင်းကျေးရွာကို တိုက်လေယာဥ် ၁ စီးနဲ့ ပေါင်း ၅၀၀ ဗုံးသီး၂ လုံးကြဲချခဲ့တာဖြစ်ပြီး ကျေးရွာနေအိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၁၃ နှစ် ယောက်ျားလေး ၁ ဦးသေဆုံးပြီး ၁၆ နှစ်အရွယ်ယောက်ျားလေး ၁ ဦးနဲ့ အသက် ၆၀ နှစ်အရွယ် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အထက်ပါပကဖတာဝန်ခံက ပြောပါတယ်။