ရေနံချောင်းက တောင်ကတုံးတွေမှာ ဒင်းဂါးညီနောင်များအဖွဲ့က အရိပ်ရပင်တွေ စိုက်ပျိုး

0 2
0 2

မကွေး၊ ဇွန် ၃၊ ၂၀၂၃။

မကွေးတိုင်း၊ ရေနံချောင်း မြို့ရှောင်လမ်းပေါ်မှာရှိတဲ့ နတ်ကန်ဦး ကျေးလက်ဖွံဖြိုးရေးလမ်းပိုင်းက တောင်ကတုံးလိုနေရာတွေမှာ အရိပ်ရပင်တွေ စိုက်ပျိုးနေတယ်လို့ ရေနံ့သာဒင်းဂါးညီနောင်များ သစ်ပင်စိုက်ပျိုးရေးအဖွဲ့ထံက သိရပါတယ်။

ယခုနှစ် ၂၀၂၃၊ မေလရဲ့ မိုခါမုန်တိုင်းမှာ တင်ကျန်ခဲ့တဲ့ မိုးရေအစိုဓါတ်နဲ့ ညောင်မုတ်ဆိတ်ပင် ၅၀ စမ်းသပ်စိုက်ပျိုးထားပြီး မိုးဦးကျတာနဲ့အပင် ၂၀၀ စိုက်ပျိုးဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မိုးဦးကျချိန်က စတင်ပြီး တမိုင်ခွဲခန့် နေရာလေးမှာ ကုက္ကိုအပင် ၆၀၀ ကျော်စိုက်ပျိုးခဲ့ရာမှာ အပင် ၃၀၀ သာရှင်သန်ပြီး၊ ကျန်အပင်များမှာ တိရစ္ဆာန်စားတာ၊ ရေမလုံလောက်တာ၊ မြေဆွေးမြေသြဇာလိုအပ်တာတွေနဲ့ အနီးကပ်မပြုစုနိုင်တဲ့အတွက် အပင်တွေ ဆုံးရှုံးခဲ့ရတယ်လို့ ရေနံ့သာဒင်းဂါးညီနောင်များ သစ်ပင်စိုက်ပျိုးရေးအဖွဲ့ တာဝန်ခံကိုဒင်းဂါး ကမြေလတ်အသံကို ပြောပါတယ်။

“အခု ကျနော်တို့စိုက်တဲ့နေရာမှာ သစ်ပင်လုံးဝမပေါက်တဲ့ နေရာပါ။ မြက်ပင်တောင်မရှိဘဲ ကန္တာရလိုဖြစ်နေတာပါ။ ကုန်ကျစရိတ်တော့ မြေပြန့်မှာစိုက်တာထက်ပိုများတယ်။ပြုစုစောင့်ရှောက်ရတာလည်း ပိုခက်ခဲတယ်။ အပင်ဖြစ်အောင်လည်း စိုက်နေပါတယ်” လို့ သူကပြောပါတယ်။

အပူပိုင်းဒေသဖြစ်တဲ့အတွက် သစ်ပင်မပေါက်ရောက်သလို ရေရှားပါးတာ၊ မြေဆီမြေ နှစ်မရှိတာ၊ ပြုစုစောင့်ရှောက်ဖို့မလွယ်တာနဲ့ စိုက်ပျိုးတဲ့သူမရှိတာကြောင့် သစ်ပင်တွေကို ဖြစ်ထွန်းအောင်စိုက်မယ်လို့ ဆိုပါတယ်။

“ဘယ်သူမှမလုပ်နိုင်တဲ့နေရာမှာ ဖြစ်အောင်လုပ်ချင်တယ်။ ကျေးငှက်တိရစ္ဆာန်တွေနားဖို့တောင် သစ်ပင်မရှိဘူး။ ခရီးသွားပြည်သူတွေ နားနေလို့ရအောင် စိုက်ဖြစ်တာလည်းပါတယ် ကုက္ကိုပင်အရင်ကစိုက်တယ်။ အခု ညောင်မုတ်ဆိတ်ပင်တွေ အများဆုံး စိုက်ဖြစ်တယ်လို့ “ ကိုဒင်းဂါးက ပြောပါတယ်။

စိုက်ပျိုးတာကို ရေနံ့သာဒင်းဂါးညီနောင်များသစ်ပင်စိုက်၊ ရေကန်တူးဖော်၊ ဇရပ်ဆောက်၊ ရေချမ်းစင်တည် အဖွဲ့က အမာခံလုပ်သားအင်အား ၁၃ ဦးနဲ့ လုပ်ကိုင်နေတာဖြစ်ပါတယ်။

စိုက်ပျိုးစားရိတ်ကတော့ တခြားနေရာတွေထက် ပိုကုန်ကျပြီး ညောင်မုတ်ဆိတ်ပျိုးပင်တပင် ၁၅၀၀၀ကျပ်၊ အလျား ၇ ပေ အနံ ၇ ပေနက် ၂ ပေခွဲတကျင်းကို တူးခ ၂၀၀၀ ကျပ်၊ ဂါလံ ၁၆၀၀ ဆံ့ ရေတစည် ၃၅၀၀၀ ကျပ်၊ အဖွဲ့သား ၁၃ ဦးအတွက် လစဥ် ၂၆ သိန်းကျပ်၊ ဝါး၊ သဘာဝမြေသြဇာ၊ကျောက်စည်ပိုင်း စတဲ့ လိုအပ်တာတွေ ရှိတော့ ကုန်ကျစရိတ်ပိုများတာလို့ ပြောပါတယ်။

အရိပ်ရသစ်ပင်စိုက်ပျိုးတာနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပ အလှူရှင်တဦးချင်းဖြစ်စေ၊ မိသားစုအလိုက် ဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ လှူဒါန်းတဲ့ အလှူငွေတွေနဲ့ရပ်တည်ပြီး စိုက်ပျိုးလုပ်ကိုင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။