ဆေးခန်းသွားပြချိန် UG ရဲဘော် ၂ ဦးဖမ်းဆီးခံရပြီး ၁ ဦးသေဆုံး၊ ၁ ဦးအသက်အန္တရာယ် စိုးရိမ်ရ

0 1
0 1

စစ်ကိုင်း၊ ဇွန် ၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေပြု မြို့ပြပြောက်ကျားတပ်ဖွဲ့ Monywa Underground Force က UG ရဲဘော် ၂ ဦး စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာခံလိုက်ရပြီး ၁ ဦး သေဆုံးသွားပြီဖြစ်ကာ စစ်ကြောရေးရောက်နေတဲ့ ရဲဘော် ၁ ဦးလည်း အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သိရပါတယ်။

မေလ ၂၈ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ မုံရွာမြို့၊ တရုတ်တန်းလမ်းအနီး ဆေးခန်းတခုမှာ ဆေးခန်းပြသနေချိန် စစ်ကောင်စီတပ်ဖွဲ့တွေ လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး၊ ၁၁ နာရီဝန်းကျင်မှာတော့ UG ရဲဘော်တွေ ခိုလှုံနေတဲ့ ယာယီအထိုင်စခန်းဝင်ရောက်စီးနင်းခံခဲ့ရကာ သတင်းအရကြိုတင်ရှောင်ရှားနိုင်ခဲ့လို့ တခြားရဲဘော်တွေလွတ်မြောက်ခဲ့ပေမယ့် Mark 2 ကားတစီး၊ ငွေကျပ် သိန်း ၄၀နဲ့ လက်လုပ်ပစ္စတိုတလက် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

“အဖွဲ့ကရဲဘော်တယောက် နေမကောင်းလို့ မြို့ပေါ်ဆေးခန်းကို အရဲစွန့်ပြီးသွားပြတာ၊ အဲ့မှာသတင်းပေး အတိကျနဲ့ ဝင်ကုတ်သွားတာ။ ဖမ်းမိမိချင်း လမ်းပေါ်မှာမှောက်ခိုင်းထားပြီး လမ်းဘေးတင် လည်မျိုတက်နင်းခံရတယ်။ သူတို့ဖမ်းခံရတာကနေတဆင့် ယာယီအထိုင်တပ်လည်း ဝင်စီးပြီး အကုန်ရိုက်ခွဲသွားတာ ဘာမှမကျန်တော့ဘူး” လို့ လွတ်မြောက်ခဲ့တဲ့ ရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မုံရွာမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် အသက် ၂၃ နှစ်အရွယ် ‌ရဲဘော်ကုလားကြီးနဲ့ အသက် ၂၀ နှစ်အရွယ် ရဲဘော် မောင်စည်တို့ ၂ ဦးဖြစ်ပြီး ရဲဘော်ကုလားကြီးကိုတော့ မေလ ၃၁ ရက်မှာ ချောင်းဦးမြို့နယ်အတွင်းက Area 71 PDF စခန်းကို စီးနင်းချိန် လူသားဒိုင်းလမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့ကာ စခန်းစီးနင်းပြီးနောက် သေနတ်နဲ့ပစ်သတ်ပြီး မီးရှို့ထားခဲ့တယ်လို့ ဆိုပါတယ်။

Area 71 PDF ကလည်း ၎င်းတို့စခန်းစီးနင်းခံရပြီးတဲ့နောက်မှာ မီးရှို့ခံရတဲ့စခန်းအဆောက်အဦတွေအကြား အမည်မသိအလောင်းတခုကိုပါ တွေ့ရှိခဲ့တယ်လို့ မြေလတ်အသံကို ပြောဆိုထားပြီး အဲ့ဒီရုပ်အလောင်းဟာ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ ရဲဘော် ကုလားကြီး ဟုတ်၊မဟုတ်ဆိုတာ အတည်ပြုဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ရဲဘော်မောင်စည်ကတော့ လက်ရှိ မုံရွာအမှတ် ၁ ရဲစခန်းထဲမှာရှိနေပြီး စစ်ကြောရေးဝင်နေရကာ ဆန္ဒပြကာလအတွင်းကရရှိခဲ့တဲ့ သေနတ်ဒဏ်ရာအဟောင်းတွေကြောင့် စစ်ကြောမှုဒဏ်မခံနိုင်ဘဲ အသက်ဆုံးရှုံးမှာ စိုးရိမ်ရတယ်လို့ အဖွဲ့ဝင်ရဲဘော်တွေက ပြောပါတယ်။

“သူက ဆန္ဒပြကာလတုန်းက ပခုံးရယ်၊ ဘယ်ဘယ် ရင်အုံအောက်ရယ်၊ နောက်ကျောရယ် ကျည် ၃ ချက် မှန်ထားတာ။ ဗိုက်မှာက ချုပ်ရိုး ၂ ထပ်နဲ့ အူသိမ်အစားထိုးထားရတာ။ ပခုံးက အဆစ်မပါဘဲ ချိုင့်ခွက်ကြီးအတိုင်းဖြစ်နေတော့ လက်က ၉၀ ဒီဂရီလောက်ပဲ မြှောက်ရတာ။ အဲ့ဒီဒဏ်တွေကြောင့် ခုစစ်ကြောရေးမှာ နှိပ်စက်တဲ့ဒဏ်ကို မခံနိုင်မှာ စိုးရိမ်ရတယ်”လို့ ပြောပါတယ်။

အဆိုပါ ရဲဘော် ၂ ဦးကို ဖမ်းဆီးပြီးနောက် တရက်တည်းမှာဘဲ မုံရွာမြို့ပေါ်က ပြည်သူ ၄ ဦးထက်မနည်းကိုလည်း ဆက်စပ်သူတွေဟုဆိုကာ ဖမ်းဆီးတာတွေလုပ်ဆောင်ခဲ့ပြီး၊ မကြာခဏဆိုသလိုလည်း ပြည်သူတွေ ဖမ်းဆီးခံရမှုတွေရှိနေကာ ခုတပတ်အတွင်းမှာဘဲ အကြောင်းအရာမျိုးစုံနဲ့ ဖမ်းဆီးခံရသူ ၁၀ ဦးထက်မနည်းရှိနေတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။