myaelatt athan

Sharing Information to the Local

ကျောက်ဆည်ငလျင် မူကြိုကျောင်းပြိုကျသေဆုံးသူ ၂၀ ကျော်အပါ ၅၀ ကျော် သေဆုံးထားပြီး ၁၀၀ ကျော်ဒဏ်ရာရ

ကျောက်ဆည်၊ မတ် ၃၀၊ ၂၀၂၅။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ပေါ်မှာ ငလျင်ကြောင့် မူကြိုကျောင်းပြိုကျသေဆုံးသူ ၂၀ ကျော်အပါအဝင် ၅၀ ကျော်သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရထားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတွေဆီက သိရပါတယ်။

မတ် ၂၈ ရက်မှာ လှုပ်ခတ်သွားခဲ့တဲ့ငလျင်ကြောင့် ကျောက်ဆည်မြို့၊ အေးမြကြည်လင်ရပ်ကွက်က Bright kids ကိုယ်ပိုင်ကျောင်းပြိုကျပြီး မူကြိုကလေးငယ်တွေပိတ်မိခဲ့တယ်လို့ ဆိုပါတယ်။

“၁၃ ဦးလောက်က အရင်လွတ်တယ်။ အောက်ခြေကနေ ပြိုကျတာ။ ပြန်ကယ်ထုတ်တဲ့အခါမှာ ခြေလက်တွေမပါတာတွေလည်း ရှိတယ်။ ကလေး ၁၈ ဦးနဲ့ဆရာမ ၃ ဦးသေတယ်။ ဒဏ်ရာရသူတွေလည်း များတယ်။ ရှာဖွေရေးက တရက်နဲ့တမနက် ရှာလိုက်ကြရတယ်။”လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတဦးက ပြောပါတယ်။

အဆိုပါမူကြိုကျောင်းမှာ ကလေးငယ်တွေနဲ့ဆရာမ ၇၀ ခန့်ရှိနေပြီး ၁၃ ဦးသာအထိအခိုက်မရှိ လွတ်မြောက်လာပြီး ၂၁ ဦးသေဆုံးကာ ကျန် ၃၀ ကျော်ကဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျောက်ဆည်မြို့တွင်းမှာလည်း သေဆုံးသူ ၃၀ ကျော်နဲ့ ဒဏ်ရာရသူ ၇၀ ကျော်ရှိခဲ့တာကြောင့် သေဆုံးသူစုစုပေါင်း ၅၀ ကျော်ရှိပြီး ဒဏ်ရာရသူ ၁၀၀ ကျော်ရှိခဲ့တာဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို မန္တလေးဆေးရုံကြီးကို ပို့ဆောင်ရတာတွေရှိသလို အများစုကတော့ ပြင်ဦးလွင်ဆေးရုံကိုပို့ဆောင်ကြတယ်လို့ ဆိုပါတယ်။

ကျောက်ဆည်သုသာန်မှာ မီးသင်္ဂြိုဟ်ဖို့ တန်းစီးထားတဲ့အလောင်းတွေ ၃၀ ကျော်လောက်ရှိနေပြီး မီးသင်္ဂြိုဟ်စက်လည်း ပြိုလဲသွားတာကြောင့် အဆင်ပြေသလိုသင်္ဂြိုဟ်နေကြရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတဦးက ပြောပါတယ်။

မတ် ၃၀ ရက် ဒီမနက်ပိုင်းအထိ တမြို့လုံးနီးပါးပျက်စီးသွားပြီး ရေ၊ လျှပ်စစ်မီး၊ ဖုန်းလိုင်းအချို့လည်း ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

ပြိုပျက်သွားတဲ့နေအိမ်၊ စာသင်ကျောင်း၊ ဘုရားစေတီတွေနဲ့ လမ်းတွေအများစုကိုလည်း ရှင်းလင်းနိုင်တာမျိုးမရှိသေးဘဲ မြို့မှာရှိနေတဲ့ လူမှုကူညီရေးအသင်း၊ ဌာနဆိုင်ရာနဲ့ ဒေသခံတွေက ရှင်းလင်းရေးတွေဆက်လက်လုပ်ဆောင်နေကြရတယ်လို့ သိရပါတယ်။

မတ် ၃၀ ရက်မနက်ပိုင်း စစ်ကောင်စီထုတ်ပြန်ချက်အရ ငလျင်ကြောင့် တနိုင်ငံလုံးမှာ ပြည်သူ ၁,၆၄၄ ဦးသေဆုံးထားပြီး ၃,၄၀၈ ဦးဒဏ်ရာရကာ ၁၃၉ ဦးပျောက်ဆုံးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုံစာ – Bright kids ကိုယ်ပိုင်ကျောင်းအပျက်အစီးများ ဖယ်ရှားရှင်းလင်းနေပုံနှင့် ကျောက်ဆည်မြို့တွင်း ထိခိုက်ပျက်စီးမှုအချို့အား တွေ့ရစဉ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။