၂၀၂၁ စစ်အာဏာသိမ်းပြီး ၄ နှစ်အကြာ နိုင်ငံအလယ်ပိုင်းက ၁၀ မြို့ ကို စစ်ကောင်စီ ဆုံးရှုံးထား

0 1
0 1

မြေလတ်အသံ၊ ဖေဖော်ဝါရီ ၁၊ ၂၀၂၅။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်သိမ်းပိုက်မှုကြောင့် ၂၀၂၁ စစ်အာဏာသိမ်းပြီး ၄ နှစ်အကြာမှာ စစ်ကိုင်းတိုင်းက ၅ မြို့၊ မန္တလေးတိုင်းက ၄ မြို့နဲ့ ပဲခူးတိုင်းအရှေ့ခြမ်းက ၁ မြို့ စတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက စုစုပေါင်း ၁၀ မြို့ကို အာဏာသိမ်းစစ်ကောင်စီက လက်လွှတ်ဆုံးရှုံးထားရပါတယ်။

စစ်ကိုင်းတိုင်းထဲက ရွှေပြည်အေး၊ မြို့သစ်၊ ခါမ်းပါတ်၊ ပင်လည်ဘူး၊ မော်လူးနဲ့ မန္တလေးတိုင်းထဲက တကောင်း၊ သပိတ်ကျင်း၊ စဉ့်ကူး စတဲ့ ၈ မြို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကပဖ) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ကိုယ်တိုင်သိမ်းပိုက်ထားတာလို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှု အစီရင်ခံစာမှာဖော်ပြပါတယ်။

စစ်ကိုင်းတိုင်းအရှေ့ဘက်က မော်လူးမြို့နယ်ကို လက်တလောမှာ KIA နဲ့ PDF က ပူးပေါင်းထိန်းချုပ်ထားပြီး မန္တလေးတိုင်း မိုးကုတ်မြို့ကိုလည်း TNLA နဲ့ Mandalay PDF က ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကာလမှာ ပူးပေါင်းသိမ်းပိုက်ခဲ့ပြီး လက်ရှိအချိန်အထိ ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

Mandalay PDF က ၂၀၂၅ အတွင်း စစ်ကိုင်းတိုင်းမှာ တပ်မဟာအသစ်ဖွဲ့စည်းဖို့လုပ်ဆောင်နေပြီး စစ်ရေးအရှိန်လည်း တိုးမြှင့်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်ကြီးမြို့နယ်ထဲက မုန်းမြို့ကိုလည်း KNLA နဲ့ PDF ပူးပေါင်းတပ်တွေက လက်ရှိအချိန်အထိ ထိန်းချုပ်ထားပါတယ်။

စစ်ကောင်စီဟာ တနိုင်ငံလုံးရှိ မြို့နယ်စုစုပေါင်းရဲ့ ၃၂ ရာခိုင်နှုန်းသာ ထိန်းချုပ်ထားနိုင်တော့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှု အစီရင်ခံစာက ဖော်ပြထားပါတယ်။

တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေအပါအဝင် တိုင်းပြည်အနှံ့ကို စစ်ကောင်စီက မကြာခဏလေကြောင်းနဲ့ တိုက်ခိုက်နေရာ ၂၀၂၄ ဟာ လေကြောင်းတိုက်ခိုက်မှု အများဆုံးနှစ်ဖြစ်ပြီး ၁,၀၅၄ ခု အထိရှိခဲ့တယ်လို့ နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့ (BNI)ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

၂၀၂၅ ဇန်နဝါရီလထဲမှာလည်းပဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၀ ကျော်ပြုလုပ်ခဲ့တဲ့လို့ ဗီအိုအေမြန်မာပိုင်းက စာရင်းပြုစုဖော်ပြထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။