မြေလတ်အသံ၊ ဖေဖော်ဝါရီ ၁၊ ၂၀၂၅။
အခုဆိုရင် စစ်တပ်အာဏာသိမ်းခဲ့တာဟာ ၄ နှစ်ပြည့်ခဲ့ပါပြီ။ အာဏာသိမ်းစစ်တပ်ကို နည်းလမ်းပေါင်းစုံနဲ့ တော်လှန်ခဲ့ရာမှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တချို့ဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးတွေ၊ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေ၊ စစ်ကောင်စီသတင်းပေးတွေကို ပစ်ခတ်ရှင်းလင်းခဲ့တာတွေ ပြုလုပ်ခဲ့ကြပါတယ်။
၂၀၂၄ ခုနှစ်အတွင်း အုပ်ချုပ်ရေးမှူး၊ အုပ်ချုပ်ရေးအဖွဲ့ဝင်၊ ပျူစောထီးနဲ့ သတင်းပေးတွေ ပစ်ခတ်ရှင်းလင်းခံရတဲ့ သတင်းတွေကို မြေလတ်အသံသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဖော်ပြခဲ့တဲ့သတင်းတွေဟာ သေဆုံးသူတွေရဲ့ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြနိုင်ခဲ့တာပါ။

မြေလတ်အသံသတင်းဌာနရဲ့ ဖော်ပြခဲ့တဲ့သတင်းတွေအရ ၂၀၂၄ ခုနှစ်အတွင်း လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေ ပစ်ခတ်ရှင်းလင်းခဲ့တဲ့ အုပ်ချုပ်ရေးမှူးအပါအဝင် ကျေးရွာအုပ်ချုပ်ရေးဝန်ထမ်း စုစုပေါင်း ၁၁၅ ဦးအထိရှိခဲ့ပြီး ပျူစောထီးနဲ့ စစ်ကောင်စီသတင်းပေးသူ စုစုပေါင်းဟာ ၁၀၃ ဦးအထိရှိခဲ့ပါတယ်။
အုပ်ချုပ်ရေးဝန်ထမ်း၊ ပျူစောထီးနဲ့ သတင်းပေးတွေကို ပစ်ခတ်ရှင်းလင်းစဉ် ၎င်းတို့ရဲ့ မိသားစုဝင်နဲ့ မိတ်ဆွေ စုစုပေါင်း ၁၁ ဦးလည်း သေဆုံးခဲ့တာမျိုးရှိပါသေးတယ်။

ဒါကြောင့် ၂၀၂၄ ခုနှစ်အတွင်း အုပ်ချုပ်ရေးဝန်ထမ်း၊ ပျူစောထီးနဲ့ သတင်းပေးသူ စုစုပေါင်း ၂၂၉ ဦးသေဆုံးခဲ့ပါတယ်။ ဒီသေဆုံးသူတွေဟာ တိုက်ပွဲဖြစ်ပြီး သေဆုံးသူတွေကို ထည့်သွင်းတွက်ချက်ထားတာမဟုတ်ဘဲ ဒလန်ဆိုတဲ့ခေါင်းစဉ်နဲ့ နေအိမ်ထဲရှိနေစဉ်၊ သွားလာနေစဉ်အချိန်တွေမှာ ပစ်ခတ်ခံခဲ့ရတဲ့သူတွေဖြစ်ပါတယ်။
သေဆုံးသူအများစုဟာ ပဲခူးတိုင်းဒေသကြီးက အများစုဖြစ်ပြီး ဒုတိယအများဆုံးဟာ မကွေးတိုင်းကပါ။ တတိယအများဆုံးက မန္တလေးတိုင်းဖြစ်ပြီး အနည်းဆုံးက စစ်ကိုင်းတိုင်းဖြစ်ပါတယ်။
ပစ်ခတ်ရှင်းလင်းမှုဖြစ်စဉ်တွေကို ပြန်ကြည့်မယ်ဆိုရင် ပဲခူးတိုင်းမှာ ၁၀၄ မှု၊ မကွေးတိုင်းမှာ ၄၉ မှု၊ မန္တလေးတိုင်း မှာ ၂၄ မှုနဲ့ စစ်ကိုင်းတိုင်းမှာ ၈ မှုဖြစ်ပွားခဲ့ပါတယ်။