မြေလတ်အသံ၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆။
မကွေးတိုင်း၊ အမ်း-ပဒါန်းလမ်းနဲ့ မုံရွာ-ပုသိမ်လမ်းမကြီးတဝိုက်ရှိ စစ်ကော်မရှင်တပ်စခန်းတွေကနေ ထွက်ပြေးလာပြီးဖမ်းမိသူနဲ့ ဘက်ပြောင်းလာသူတွေအပါ စုစုပေါင်း ၂၉ ဦးရှိခဲ့တယ်လို့ ကျောင်းသားတပ်ဦး/တပ်တော် SF/SAF ဆီက သိရပါတယ်။
အဆိုပါ ၂၉ ဦးဟာ ၂၀၂၅ နိုဝင်ဘာနဲ့ ဒီဇင်ဘာ ၂ လအတွင်းမှာ ဖမ်းမိ၊ ဘက်ပြောင်းလာခဲ့သူတွေဖြစ်ပြီး မိတ္ထီလာမြို့အခြေစိုက် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ်နဲ့ ပဒါန်းမြို့အခြေစိုက် အမှတ် ၉၀၅ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တို့က ဖြစ်ကြတယ်လို့ ဆိုပါတယ်။
“ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၁၆ ဦးကိုတော့ တပ်တော်ရဲ့ မူဝါဒတွေ၊ နိုင်ငံတကာ စစ်ဥပဒေတွေနဲ့အညီ ထိန်းသိမ်းထားပြီးတော့ အလင်းဝင် (ဘက်ပြောင်း)လာသူတွေကတော့ ရောက်လာပြီးချိန် လုံခြုံရေးအရ စစ်ဆေးသင့်တာစစ်ဆေးပြီး စိတ်ချရတဲ့အချိန်ကာလတည်းက တာဝန်ထမ်းဆောင်နေပါတယ်”လို့ ကျောင်းသားတပ်ဦး/တပ်တော် (SF/SAF)မှ အထွေထွေအတွင်းရေးမှူး-၂ ကိုနွေညိမ်းက ပြောပါတယ်။

အဲဒီ ၂၉ ဦးမှာ တပ်စခန်းတွေနဲ့တိုက်ပွဲအတွင်းကထွက်ပြေးလာချိန် ဖမ်းမိသူ ၁၆ ဦးနဲ့ နောက်ထပ် ၁၃ ဦးကတော့ ဘက်ပြောင်းလာသူတွေဖြစ်ပြီး သူတို့ဆီကနေ သေနတ် ၄ လက်၊ မိုင်း၊ လက်ပစ်ဗုံး၊ ကျည်တွေရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်တပ်တွင်း တာဝန်ထမ်းဆောင်နေတဲ့သူတွေအနေနဲ့လည်း ပြည်သူ့ဘက်ကိုရပ်တည်ပြီး ဘက်ပြောင်းကြဖို့ သူကတိုက်တွန်းထားပါတယ်။
“ပြည်သူကို ကာကွယ်ရမယ့်အစား နေ့စဉ် ဗုံးကြဲသတ်ဖြတ်၊ မတရားအနိုင်ကျင့်နေတဲ့ စစ်ကော်မရှင်တပ်မှာ မတတ်သာလို့ အခုချိန်ထိ တာဝန်ထမ်းဆောင်နေသေးသူတွေအနေနဲ့လည်း ရရာနည်းနဲ့ ပြည်သူဘက်ကရပ်တည်ပြီး မှန်ကန်တဲ့လမ်းကိုရွေးချယ် ဘက်ပြောင်းခိုလှုံကြဖို့ တိုက်တွန်းချင်ပါတယ်”လို့ ကိုနွေညိမ်းက ဆိုပါတယ်။

အထက်ပါဘက်ပြောင်းလာသူ ၁၃ ဦးထဲမှာ တပ်ကြပ်ကြီး ၁ ဦးနဲ့ ဒုတပ်ကြပ် ၁ ဦးတို့ပါဝင်ပြီး ၎င်းတို့အကုန်လုံးဟာ လက်ရှိမှာ ကျောင်းသားတပ်ဦး/တပ်တော်(SF/SAF) တပ်ဖွဲ့ဝင်တွေအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေကြတယ်လို့ သူကဆိုပါတယ်။
စာတည်း – လင်း