မြေလတ်အသံ၊ ဇန်နဝါရီ ၉၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကမ်းဖြူကျေးရွာအနီးမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ ဦးအပါအဝင် နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ကမ်းဖြူရွာအတွင်း အင်အား ၁၀၀ ကျော်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးဝင်ရောက်နေစဥ် ဇန်နဝါရီ ၆ ရက်မနက်ပိုင်းမှာ မတ္တရာမြို့နယ်ပကဖနဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၈ တို့က ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် တိုက်ပွဲ ၁ နာရီကျော်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“စကမ အင်အား ၁၀၀ ဝန်းကျင်ပါပါတယ်။ တိုက်ပွဲကြာချိန် ၁ နာရီဝန်းကျင်ရှိပါတယ်။ တိုက်ပွဲဖြစ်ပြီး စကမ ကရှေ့ဆက်တိုးလာတာပါ။ စကမ ၁၅ ဦးခန့်သေဆုံးခြင်းနဲ့ဒဏ်ရာရရှိမှုကို ကျနော်တို့ရဲဘော်တွေ မျက်မြင်နဲ့ အတည်ပြုနိုင်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပြီး စကမ ဟာ ကမ်းဖြူကျေးရွာမှာ ယာယီအထိုင်ချနေခဲ့ပါတယ်”လို့ မတ္တရာမြို့နယ် ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း လက်နက်ကြီးလက်နက်ငယ်ကျည်ထိမှန်ပြီး မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အသက် ၂၀ နဲ့ ၃၀ အရွယ်ရှိ တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးကာ သေနတ် ၇ လက်ဆုံးရှုံးခဲ့ရပြီး နောက်ထပ် တပ်ဖွဲ့ဝင်း ၄ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
“ရဲဘော် ၇ ဦးကျဆုံးခဲ့တာ ဟုတ်ပါတယ်။ ရဲဘော်တွေရဲ့ဈာပနကိုတော့ ဘယ်ချိန်လုပ်တယ်ဆိုတာ ဖြေဆိုလို့မရပါဘူး”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
အထက်ပါစစ်ကော်မရှင်စစ်ကြောင်းဟာ ဇန်နဝါရီ ၄ ရက်က ရှိန်းမကားရွာစခန်းကနေ ကမ်းဖြူကျေးရွာကို ဝင်ရောက်ယာယီတပ်စွဲနေချိန်မှာလည်း ကျေးရွာကအမျိုးသမီး ၉ ဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ သူကဆိုပါတယ်။
ကမ်းဖြူကျေးရွာဟာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး ဒေသခံတွေကတော့ စစ်ကော်မရှင်တပ်တွေဝင်ရောက်လာတဲ့ ဇန်နဝါရီ ၄ ရက်ကစလို့ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
စာတည်း – လင်း