မင်းကင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ရွာဘရွာမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ် ပကဖ၊ ပလဖ၊ ပအဖအဖွဲ့တွေနဲ့ ဒေသခံတွေအကြား တိုက်ခိုက်မှုတွေဖြစ်ပြီး ၃ ဦး ဒဏ်ရာရရှိကာ ၁၆ ဦး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇန်နဝါရီ ၂ ရက် ည ၈ နာရီခန့်မှာ ကျေးရွာပအဖခေါင်းဆောင် ချစ်ဌေးဆိုသူက ရွာဘရွာဘုန်းကြီးကျောင်းမှာ ရပ်ရွာကိစ္စအစည်းအဝေးလုပ်နေတဲ့ ရွာခံတွေကို လာရောက်ခြိမ်းခြောက်တာကနေ ပြဿနာတွေစတင်ခဲ့တာလို့ ဆိုပါတယ်။
” ချစ်ဌေးတို့အုပ်စုကို ရွာကဖြုတ်ချဖို့ရှိနေတော့ သူတို့ကစိုးရိမ်နေတာဆိုတော့ လာပြီးခြိမ်းခြောက်တာ။ အဲ့ဒါကို ရွာသားတွေကစိုးရိမ်ပြီး သူ့ကိုဖမ်းတာ။ ကြိုးတုပ်လိုက်တာ။ ထိုးတာရိုက်တာ မလုပ်ဘူး။ ပလဖကို အပ်လိုက်ကြတယ်”လို့ ရွာဘရွာခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အစည်းအဝေးလုပ်နေတဲ့ရွာခံတွေကို ကျေးရွာပအဖခေါင်းဆောင် ချစ်ဌေးက ၎င်းတဦးတည်းရောက်လာပြီး သေနတ်နဲ့ လက်ပစ်ဗုံးတွေပြ ခြိမ်းခြောက်ခဲ့တာကြောင့် ကျေးရွာပလဖအဖွဲ့ဝင်တွေဖြစ်တဲ့ ချစ်ထွေးနဲ့ မောင်မဲတို့ကဖမ်းဆီးပြီး ကျေးရွာပလဖခေါင်းဆောင် အေးလွင်ထံ အပ်နှံလိုက်တယ်လို့ ဆိုပါတယ်။
အခင်းဖြစ်ပြီးနောက် ပအဖခေါင်းဆောင်ချစ်ဌေး က ၎င်းဖမ်းဆီးခံရမှုမှာ ဝိုင်းဝန်းဖမ်းဆီးခဲ့တဲ့ ကျေးရွာသားတွေကို ပြန်လည်ဖမ်းဆီးပေးဖို့ အဲ့ဒီညတွင်းချင်းမှာပဲ မြို့နယ်ပလဖထံတိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုင်ကြားမှုကြောင့် ဇန်နဝါရီ ၃ ရက်ညနေ ၆ နာရီခန့်မှာ လက်နက်တွေကိုင်ဆောင်လာတဲ့ ကျေးရွာပလဖခေါင်းဆောင် အေးလွင် ဦးစီး အနီးတဝိုက်ကျေးရွာတွေက ပကဖ၊ ပလဖ၊ ပအဖ ပူးပေါင်းအင်အား ၇၀ ခန့်ဟာ ပအဖခေါင်းဆောင် ချစ်ဌေး ဖမ်းဆီးခံရမှုမှာဦးဆောင်တဲ့ ပလဖအဖွဲ့ဝင် ချစ်ထွေးနဲ့မောင်မဲ အပါအဝင် ဖမ်းဆီးမှုမှာပါဝင်သူတွေကို ပြန်လည်ဖမ်းဆီးဖို့ ရွာဘရွာကို ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

” ချစ်ထွေးနဲ့မောင်မဲကိုဖမ်းဖို့ (ကျေးရွာ မြစ်ကမ်းဘေးကို လှေ ၂ စီးနဲ့) ရောက်လာချိန်လာချိန်မှာ ရွာကလူတွေက မကျေနပ်ကြဘူး။ ရွာက အဲ့ဒါကိုမကျေနပ်လို့တားတဲ့အချိန် ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီးတော့ ရွာသား ၁ ယောက်က အေးလွင်(ရွာဘရွာပလဖခေါင်းဆောင်) ကို ဓားနဲ့ထိုးလိုက်တယ်။ ပုခုံးနဲ့တင်ပါးဒဏ်ရာရသွားတယ်။ အဲဒီအချိန်မှာ ပသုံးလုံးတွေဘက်က သေနတ်တွေနဲ့မိုးပေါ်ထောင်ဖောက်တာကော လူအုပ်ကြားထဲကို ပစ်ထည့်တာကော အချက် ၄၀ ကျော်တယ်”လို့ အထက်ပါရွာခံက ဆက်ပြောပါတယ်။
အခင်းဖြစ်ပွားမှုတွေအတွင်း ရွာပလဖတာဝန်ခံ အေးလွင်မှာ ဓားဒဏ်ရာတွေရရှိခဲ့သလို့ ပသုံးလုံးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုတွေကြောင့် ရွာဘရွာခံ ကိုကုလား၊ သားဖြစ်သူ ရဲရင့်နိုင်နဲ့ ကိုမိုးအောင် ဆိုသူ ၃ ဦးမှာ ခြေထောက်၊ ဝမ်းဗိုက်နဲ့ ခြေမျက်စိတွေမှာ ဒဏ်ရာတွေ အသီးသီးရခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် ပသုံးလုံးတပ်ဖွဲ့ဝင်တွေနဲ့ ခိုက်ရန်ဖြစ်ပွားသူတွေ၊ ရွာပအဖတာဝန်ခံ ချစ်ဌေးရဲ့တိုင်ကြားမှုမှာပါဝင်သူတွေနဲ့ ရွာပလဖအဖွဲ့ဝင် ချစ်ထွေးနဲ့မောင်မဲအပါအဝင် စုစုပေါင်း ၁၆ ဦးကို ဇန်နဝါရီ ၆ ရက်မှာ မင်းကင်းမြို့နယ်ပလဖခေါင်ဆောင် နိုင်ဝင်းနဲ့အဖွဲ့က ပလဖအချုပ်ရှိရာ ကျေးရွာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
” ရွာမှာ အင်အား ၄၀ လောက်ကျန်ပြီးတော့ ၁ ယောက်ချင်းကို ခေါ်စစ်နေတာ။ သူတို့ရဲ့မိန်းမ(ရွာဘရွာ ပသုံးသုံးခေါင်းဆောင်မိန်းမ)တွေက” နင်တို့ကိုသတ်ပစ်ရမလား”၊ အချို့ပကဖအဖွဲ့ဝင်တွေဆိုရင် “နင်တို့ကို ပစ်ခတ်ဖမ်းဆီးလို့ရတယ်” အဲ့လိုတွေပြောတယ်”လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
မြို့နယ်ပလဖထံမှာ ဖမ်းဆီးခံရသူတွေဟာ ရွာဘရွာခံ ဇော်ဦး၊အောင်ဌေး၊ သာမော်၊ အဲပို၊ စိန်လှထွေး၊ လှထွန်းမောင်၊ လှထွန်းအောင်၊ မောင်ဆန်း၊ ဦးသိန်းလွင်၊ စိန်အောင်၊ အောင်ကျော်မိုး၊ ဖိုးသား၊ စိန်သန်း၊ ဦးမောင်စန်းနဲ့ ပလဖအဖွဲ့ဝင် ချစ်ထွေးနဲ့ မောင်မဲတို့ ၁၆ ဦး ဖြစ်တယ်လို့ သိရပါတယ်။

နောက်ထပ်မင်းကင်းဒေသခံတဦးကလည်း ရွာဘရွာမှာ ဒေသခံတော်လှန်ရေးတပ်တွေနဲ့ ရွာခံတွေအကြား အဓိကရုဏ်းတွေဖြစ်ပြီး ဖမ်းဆီးခံရတာတွေနဲ့ ဒဏ်ရာရရှိမှုဖြစ်စဥ်တွေမှန်ကန်ပြီး အသေးစိတ်အခြေအနေကိုတော့ မသိရှိဘူးလို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ရွာဘရွာမှာ ပအဖ၊ ပလဖ၊ ပကဖ ခေါင်းဆောင်တွေအဖြစ် ချစ်ဌေး၊ အေးလွင်၊ မောင်တင့်တို့ဦးဆောင်ပြီး အဖွဲ့ဝင် ၁၀ ဦးခန့်ကို ကျေးရွာဒေသခံတွေက ခန့်အပ်ခဲ့ကြတာပါ။
၂၀၂၄ နှစ်ဆန်းပိုင်းကစတင်ပြီး အဲ့ဒီရွာခေါင်းဆောင်တွေဟာ ဒေသတွင်းရွှေမျောတွေက ရရှိတဲ့ငွေကြေးတွေကို ရပ်ရွာအတွက်အသုံးမပြုဘဲ ကိုယ်ကျိုးအတွက်အသုံးပြုတယ်ဆိုကာ ကျေးရွာဒေသခံတွေက ရာထူးကနေဖြုတ်ချဖို့ ကြိုးစားလာရာက ကျေးရွာအတွင်းအုပ်စု ၂ စုကွဲပြီး ပြဿနာတွေဖြစ်ပွားလာတာပါ။

ဖမ်းဆီးခံရသူတွေရဲ့အခြေအနေတွေနဲ့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရေး မင်းကင်းမြို့နယ် ပလဖနဲ့ ပအဖခေါင်းဆောင်တွေကို မြေလတ်အသံက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမရှိခဲ့ပါဘူး။
စာတည်း – ဟိန်းစံ