မင်းကွန်းနယ်မြေရဲစခန်းမှူး ပစ်ခတ်ခံရပြီး သေဆုံး

0 1
0 1

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းမြို့က မင်းကွန်းနယ်မြေရဲစခန်းမှူး ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

သေဆုံးသူဟာ မင်းကွန်းနယ်မြေရဲစခန်းမှူး အသက် ၄၀ နှစ်အရွယ် ရဲအုပ်မြင့်လွင်ဆိုသူဖြစ်ပြီး ဖေဖော်ဝါရီ ၁၀ ရက် နေ့လယ် ၂ နာရီခန့်မှာ ရဲစခန်းနဲ့ ၁ မိုင်အကွာရှိ သူ့မိသားစုဝင်နေအိမ်မှာ အလည်ရောက်နေချိန် ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

“ဖမ်းတာကို ထွက်ပြေးလို့ပါ။ ပြန်လည်ခုခံတာမရှိဘဲ ထွက်ပြေးတာ။ ၁၀ ချက်လောက်ပဲ ပစ်လိုက်ရပါတယ်။ သူစီးတဲ့ဆိုင်ကယ် ၁ စီးတော့ သိမ်းဆည်းလာခဲ့တယ်။”လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ တာဝန်ခံကပြောပါတယ်။

ပစ်ခတ်ခံရပြီး ရဲအုပ်မြင့်လွင်ရဲ့ နောက်ကျောနဲ့ ဦးခေါင်းနောက်ပိုင်းကို ကျည်ထိပြီး နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်ပြီး ၁ နာရီခန့်အကြာမှာတော့ စစ်ကောင်စီနဲ့ရဲအဖွဲ့ဝင်တွေ လာရောက်စစ်ဆေးခဲ့ပြီး အလောင်းကိုသယ်သွားဖို့လုပ်ပေမယ့် မိသားစုကလက်မခံတာကြောင့် နေအိမ်မှာပဲထားခဲ့တယ်လို့ ဆိုပါတယ်။

အလောင်းကို မင်းကွန်းရှိသုသာန်မှာ ဖေဖော်ဝါရီ ၁၁ ရက် နေ့လယ် ၁၂ နာရီကျော်က သင်္ဂြိုဟ်လိုက်တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

ဒီပစ်ခတ်မှုကိုတော့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Road To Mandalay နဲ့ Royal Falcon (Sadaung Falcon ) အဖွဲ့ဝင်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်ကလည်း မင်းကွန်း-စစ်ကိုင်းသွားလမ်း၊ လက်ပံရွာအနီးမှာ ပျူစောထီးအဖွဲ့ဝင်တွေစီးလာတဲ့ကား တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။