ဆင်ကော်ရဲစခန်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဒရုန်း ၂ စီးကို PDF သိမ်းဆည်း

0 15
0 15

■ စစ်ကော်မရှင်တပ်သား ၅ ဦး သေဆုံးဟုဆို

မြေလတ်အသံ၊ ဇန်နဝါရီ ၇၊ ၂၀၂၆။

မကွေးတိုင်း၊ သရက်မြို့နယ်၊ ဆင်ကော်ရဲစခန်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ရဲ့ ဒရုန်း ၂ စီး သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကော်မရှင်တပ်သား ၅ ဦးခန့်သေဆုံးကာ ၁၀ ဦးခန့်ဒဏ်ရာရရှိခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းထံက သိရပါတယ်။

အင်အား ၃၀ ကျော်ရှိတဲ့ ဆင်ကော်ကျေးရွာနယ်မြေရဲစခန်းကို ဒီဇင်ဘာ၂၄ ရက်ကစတင်ပြီး ဇန်နဝါရီ ၆ ရက်အထိ ၁၄ ရက်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ရဲ့ ကာမီကာဇေ ဒရုန်း ၂ စီးကို သိမ်းပိုက်နိုင်ခဲ့ကာ စစ်သား ၅ ဦးခန့်သေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

” ဒရုန်း ၂ စီးက ဒီဇင်ဘာ၂၆ ရက်နေ့ ညနေ ၄ နာရီခွဲပတ်ဝန်းကျင်လောက်မှာ ၁ စီးကတော့ ပျက်ကျတာပေါ့။ နောက် ၁ စီးကတော့ ကျနော်တို့တွေလိုက်ပစ်တာမှာ ထိသွားပြီးတော့ ပျက်ကျတဲ့အနေအထားမျိုးပါ။ ၅ ဦးခန့်သေဆုံးမှာဆိုရင် ဆင်ကော်နဲ့ ၁၄ ရက်တာအတွင်းမှာ ထိတွေ့က ၅ ကြိမ်လောက်ဖြစ်ခဲ့တယ်။အဲ့မှာ ၂ ဦးကျဆုံးတာကို အတည်ပြုနိုင်တယ်။”လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူက ပြောပါတယ်။

ရဲစခန်းတိုက်ခိုက်ခံရတာ ကြောင့် ဒီဇင်ဘာ ၂၄ ရက်မှာပဲ စစ်ကော်မရှင်ရဲ့ ကပစ ၁၂ ကနေ သံချပ်ကာကား ၂ စီးနဲ့ စစ်ကူလာခဲ့တယ်လို့ သိရပါတယ်။

အဲဒီအထဲက ကား ၁ စီးဟာ သရက်မြို့ နယ် စက်တောင်ကျေးရွာအနီးအရောက်မှာ အရှိန်လွန်တိမ်းမှောက်ခဲ့တာကြောင့် အများအပြားဒဏ်ရာရရှိပြီး ကား ၂ စီးလုံး နောက်ပြန်ဆုတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၃ ရက် ည ၁၁ နာရီမှာလည်း ကပစ ၁၂ ကနေကား ၂ စီးနဲ့ ထပ်ပြီး စစ်ကူထွက်လာတာကြောင့် မင်းတုန်းမြို့နယ် ပုဇင်းဒါးကျေးရွာအနီးအရောက်မှာ တော်လှန်‌ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲခံရမှုမှာကား ၁ စီးတိမ်းမှောက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုတွေအတွင်း ၃ ဦး သေဆုံးနိုင်တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ဆင်ကော်နယ်မြေရဲစခန်းကို ၁၄ ရက်တာ တိုက်ခိုက်မှုမှာ ၁၂၂ မမ ရှော့တိုက်ဒုံးတွေ၊ တိုက်ခိုက်ရေးဒရုန်းတွေနဲ့ ၆၀ မမ ဗုံးသီးတွေ၊ လက်လုပ်ဒရုန်းဗုံးသီးတွေ၊ မီးလောင်ဗုံးတွေကို အသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပြီး မြေပြင်ကနေ ထိတွေ့တိုက်ခိုက်မှု ၅ ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ သူကဆိုပါတယ်။

အဆိုပါရဲစခန်းဟာ ကပစ ၁၂ နဲ့ ၁၀ မိုင်ကျော်သာကွာဝေးပြီး ကပစရဲ့အရေးပါတဲ့ကာကင်းစခန်းတခုဖြစ်တာကြောင့် တိုက်ခိုက်မှုအတွင်းမှာ ကပစ ၁၂ ကနေ လက်နက်ကြီးပစ်ကူ၊ ကာမီကာဇေဒရုန်းတွေနဲ့​ ပစ်ကူပေးသလို မြေပြင်ကနေ စစ်ကူတွေပါပေးခဲ့တယ်လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

ဇန်နဝါရီ ၆ ရက်မှာတော့ ဆင်ကော်ရဲစခန်းကို စစ်ကူအင်အား ၁၀၀ ကျော်ရောက်ရှိလာတာကြောင့် တော်လှန်ရေးတပ်တွေ ပြန်လည် ဆုတ်ခွာခဲ့ရပြီး ကံမ၊ မင်းတုန်းမြို့နယ်တို့ကိုလည်း စစ်အင်အား ၅၀၀ ခန့်ရောက်ရှိ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ သတိပြုသွားလာနေထိုင်ကြဖို့လိုအပ်တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက အသိပေးထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။