ပကဖနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ နိုင်/ကျဥ်း ၂၀ ဦးကို ကျိုက်စကောထောင်ကနေ စစ်တပ်ကခေါ်ထုတ်သွား

0 4
0 4

ပဲခူး၊ မေ ၂၇၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်နဲ့ ပဲခူးမြို့နယ်ကြားမှာရှိတဲ့ ကျိုက်စကောအကျဥ်းထောင်ကနေ ပကဖနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ နိုင်ငံရေးအကျဥ်းသား ၂၀ ခန့်ကို စစ်တပ်ကခေါ်ထုတ်သွားလို့ အသက်အန္တရာယ်စိုးရိမ်နေကြပါတယ်။

ယနေ့ မေလ ၂၇ ရက် နေ့လည်ပိုင်းမှာ ပဲခူးမြို့နယ်ပကဖနဲ့ဆက်စပ်နေတယ်ဆိုပြီး ဖမ်းဆီးခံထားရသူ ၂၀ ဦးကို စစ်ကောင်စီဘက်က ခေါ်ထုတ်သွားသေးတယ်လို့ ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

“ဘယ်ခေါ်သွားမှန်းလည်း ဘယ်သူမှ မသိရဘူးဆိုတော့ သူတို့ရဲ့ အသက်အန္တရာယ်အတွက် မိသားစုဝင်တွေက စိုးရိမ်နေရသလို ကျနော်တို့ဘက်ကလည်း စိုးရိမ်နေရတယ်။ သူတို့ဘယ်တွေရောက်ပြီး ဘယ်လိုတွေ နှိပ်စက်ခံနေရလဲဆိုတာသိရဖို့တော့ စုံစမ်းနေဆဲပါ” လို့ ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

မေလ ၂၀ ရက်လောက်ကစတင်ကာ စစ်ကောင်စီတပ်ဘက်က ကျိုက်စကောအကျဥ်းထောင်ထဲက နိုင်ငံရေးအကျဥ်းသားတွေကို ရက်ခြားဆိုသလိုခေါ်ထုတ်သွားပြီး အကျဥ်းထောင်ထဲပြန်ရောက်မလာလို့ မိသားစုဝင်တွေနဲ့အတူ စိုးရိမ်နေကြရတာပါ။

“တောင်ငူထောင်က ထွက်ပြေးတဲ့ဖြစ်စဥ် ဖြစ်ပြီးကတည်းက ရက်ခြားဆိုသလို စကစဘက်က စစ်ကြောရေးဆိုပြီး မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို လာခေါ်သွားတယ်။ ခေါ်သွားခံရတဲ့ သူတွေကလဲ ခုထိထောင်ကို ပြန်ရောက်မလာကြဘူး။” လို့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

အခုလို စစ်ကောင်စီဘက်က အကျဥ်းသားအခွင့်အရေးကို ချိုးဖောက်နေလို့ လက်ခံနိုင်စရာမရှိသလို နှိပ်စက်သတ်ဖြတ်ခံရမှာကို စိုးရိမ်နေရပြီး စစ်ကောင်စီဘက်က ခေါ်ထုတ်သွားသူတွေဟာ ထောင်ဒဏ်ချမှတ်ခံထားရပြီးသား အမျိုးသားနိုင်ငံရေးအကျဉ်းသားတွေ ဖြစ်ပါတယ်။

ကျိုက်စကောအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား ၁၀၀ ကျော်ရှိနေပြီး အများစုမှာ စစ်ကောင်စီဘက်က နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသူတွေဖြစ်တယ်လို့ သိရပါတယ်။

အလားတူ မြင်းခြံထောင်က ပြစ်ဒဏ်ချမှတ်ခံရပြီးသား နိုင်ငံရေးအကျဉ်းသား ၁၀ ဦးထက်မနည်းကိုလည်း စစ်ကောင်စီတပ်က အင်အားသုံးခေါ်ထုတ်ပြီး စစ်ကြောရေးပို့ဆောင်ထားလို့ အသက်အန္တရာယ်စိုးရိမ်နေ ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် တောင်ငူထောင်က အကျဥ်းသားတွေထွက်ပြေးသွားတဲ့ ဖြစ်ရပ်ကြောင့် ထောင်တွေမှာ အကျဥ်းသားတွေကို စည်းကမ်းတင်းကြပ်တာတွေ ပြန်လုပ်လာတယ်လို့ ဆိုပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။