နတ်မောက်မှာ စစ်ကော်မရှင်တပ်ကိုကြားဖြတ်တိုက်ပြီး ကားနဲ့လက်နက်တွေသိမ်းဆည်း

0 13
0 13

မြေလတ်အသံ၊ ဇန်နဝါရီ ၃၊ ၂၀၂၆။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ နတ်မောက်-ပျော်ဘွယ်လမ်းဟောင်းပိုင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦးစီးလာတဲ့ ကားကိုပစ်ခတ်ပြီး သေနတ် ၂ လက်နဲ့ ကျည်ဆန် ၂၀၀ ကိုသိမ်းဆည်းခဲ့တယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

စိုင်ကောင်းကျေးရွာမှ ရွာမွန်ကျေးရွာဘက်ကို မောင်းနှင်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦးပါ အိမ်စီးကား ၁ စီးကို နတ်မောက်-ပျော်ဘွယ်လမ်းဟောင်းရှိ သစ်လှကျင်းရွာအနီးမှာ ဇန်နဝါရီ ၂ ရက်မနက် ၇ နာရီကျော်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“(စစ်သားတွေစီးလာတဲ့ကားက) စိုင်ကောင်းရွာကနေ ရွာမွန်စစ်တပ်ကိုသွားတာ ဖြစ်နိုင်ပါတယ်။ ယူနီဖောင်းနဲ့ပါ။ သေဆုံးအလောင်းတွေကို ကျန်တဲ့စ**က ကားပေါ်တင်သွားတာပါ။ ခရီးသွားကား ၁ စီးကို သေနတ်ထောက်ပြီး အဓမ္မပေါ်တာဆွဲပြီး အလောင်းတွေကို ရွာမွန်ဖက်ကို တင်ပြေးသွားတာ။”လို့ နတ်မောက်မြို့နယ်ပကဖတာဝန်ရှိသူက ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်တပ်ကားပျက်စီးကာ စစ်သား ၂ ဦးလည်းသေဆုံးခဲ့ပြီး အလောင်းတွေကိုတော့ နောက်ထပ်စစ်သား ၁ ဦးက ကားလမ်းပေါ်ရပ်နေတဲ့ခရီးသွားကားပေါ်ကိုတင်ပြီး ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

“စတွေကို အနီးကပ်မတွေလိုက်ရလို့ ဘယ်တပ်ရင်းကလဲ မသိရပါဘူး။ ခရီးသွားကားတွေက ရှေ့မှာတိုက်ခိုက်သံကြားလို့ ရပ်နေကြတာ။ အလောင်း ၂ လောင်းတင်သွားတာကို မျက်မြင်ပါ။ ပြည်သူတွေကိုထိမှာစိုးလို့ ကျန်တဲ့စကို မပစ်ခဲ့ရပါဘူး။ ပြည်သူတွေ စ**တွေနဲ့ဝေးနိုင်သမျှဝေးအောင် နေကြပါလို့ပဲ ပြောချင်ပါတယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း 9D – 3960 TOYOTA HILUX SURF ကား ၁ စီး၊ MA 3 သေနတ် ၂ လက်၊ MA 3 ကျည်ဘောက် ၈ ခုနဲ့ 5.56 ကျည် ၂၀၀ တောင့်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီ ၁ ရက်ကလည်း ဆင်ပေါင်ဝဲမြို့နယ်၊ လဲဇင်ကျေးရွာအနီး ကင်းလှည့်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေကို တိုက်ခိုက်ပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်ခဲ့ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။