အုတ်တွင်း၊ ဒီဇင်ဘာ ၂၇၊ ၂၀၂၅။
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမှာ အိမ်စီးကားဘီးပေါက်ပြီး တိမ်းမှောက်ခဲ့တာကြောင့် ကားပေါ်ပါသူ ၇ ဦးဒဏ်ရာရခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၂၆ ရက်ညနေ ၃ နာရီကျော်မှာ နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကိုမောင်းလာတဲ့ အိမ်စီးကား ၁ စီးဟာ ကားလမ်းမိုင်တိုင်အမှတ် ၁၃၀/ ၃ ဖာလုံအနီးအရောက်မှာ တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။


“ကားနောက်ညာဘီးပေါက်ပြီးတော့ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းမှာရှိတဲ့ ခရေပင်ကို တိုက်ပြီးမှောက်တာ။ ကားပေါ်မှာပါသူအကုန်ဒဏ်ရာရတယ်”လို့ ကူညီဆောင်ရွက်ပေးခဲ့သူ တဦးက ပြောပါတယ်။
ယာဥ်တိမ်းမှောက်တာကြောင့် အသက် ၈ နှစ်ကနေ ၁၈ နှစ်ကြား ၄ ဦးနဲ့အသက် ၅၀ ဝန်းကျင် ၃ ဦးစုစုပေါင်း အမျိုးသား ၃ ဦးနဲ့အမျိုးသမီး ၄ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ကားပေါ်ပါလာသူတွေဟာ ရန်ကုန်နဲ့မော်လမြိုင်နေသူတွေဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေထဲမှာ စိုးရိမ်ရသူ ၄ ဦးရှိကာ သူတို့ကိုတော့ တောင်ငူပြည်သူ့ဆေးရုံကို တင်ပို့ပြီးဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်ကလည်း ရေတာရှည်မြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ကုန်တင်ယာဥ်ကို အိမ်စီးယာဥ်က ဝင်တိုက်လို့ ၃ ဦးသေဆုံးခဲ့ပါသေးတယ်။
စာတည်း – လင်း