ဆင်ဖြူကျွန်းစစ်ရှောင်အများစု ဝင်ရောက်နေတဲ့မကွေးမှာ စစ်တပ်က ပေါ်တာဆွဲကြမ်းနေ

0 8
0 8

မကွေး၊ ဒီဇင်ဘာ ၂၇၊ ၂၀၂၅။

မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့က စစ်ဘေးရှောင်အများစုဝင်ရောက်နေတဲ့ မကွေးမြို့ပေါ်မှာ စစ်ကော်မရှင်တပ်က ပေါ်တာဆွဲကြမ်းနေပြီး တပတ်အတွင်း စစ်မှုထမ်းပေါ်တာဆွဲခံရသူ ၁၅ ဦးခန့်ရှိပြီလို့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတဦးဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၅ ရက်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ မကွေးမြို့အဝင်အထွက်တွေနဲ့ ကျေးရွာဘက်သွားလမ်းတွေပေါ်မှာ ကားတွေ၊ ဆိုင်ကယ်တွေနဲ့စောင့်ဆိုင်းပြီး လမ်းသွားလမ်းလာလူငယ်တွေကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“ဆွဲတာက လမ်းပေါ်မှာပဲဆွဲတာ။ လမ်းသွားလမ်းလာတွေပဲ။ မနက်အလုပ်သွားချိန်တွေဆွဲတာ။ ဖမ်းခံရတာ ရွာဘက်ကများတယ်။ မြို့ပေါ်လူက မိသားစုဝင်တွေက ပြန်ရွေးတာရှိတယ်။ လူစားထိုးဖို့ ရွေးတော့ ၁၇၀ ဝန်းကျင်လောက်ပေးရတယ်။ “လို့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဖမ်းခံရသူတွေဟာ အသက် ၂၀ နဲ့ ၃၀ နှစ်အကြားအမျိုးသားတွေဖြစ်ပြီး လက်ရှိမှာမကွေးစုပေါင်းရုံးမှာ ဖမ်းဆီးထားပြီး ပြန်လည်ရွေးချင်ပါက ၁ ဦးကို ကျပ်သိန်း ၁၇၀ ထိတောင်းနေတာလို့ ဆိုပါတယ်။

စစ်ကော်မရှင်အဖွဲ့ဟာ မြို့တွင်းလမ်းတွေထဲမှာပါ ကား၊ ဆိုင်ကယ်တွေနဲ့လှည့်ပတ်ဖမ်းဆီးနေသလို မကွေး၊ တောင်တွင်းကြီးအထွက် အများဆုံးစောင့်ဆိုင်းဖမ်းဆီးနေတယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့လူငယ်တွေကို မကွေးစုပေါင်းရုံးအတွင်း ဖမ်းဆီးထားပြီးနောက် ရန်ကုန်နဲ့ မိတ္ထီလာတို့ရှိ စစ်အခြေခံလေ့ကျင်းရေးကျောင်းတွေကို ပို့လေ့ရှိတယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတဦးဆီက သိရပါတယ်။

စစ်ကော်မရှင်အဖွဲ့တွေက စစ်မှုထမ်းပေါ်တာဆွဲဖမ်းဆီးမှုများနေတာကြောင့် ည ၇ နာရီနောက်ပိုင်း လမ်းပေါ်မှာ လူအသွားအလာမရှိသလောက်နည်းပါးသွားတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၃ ရက်ကစလို့ စလင်းနဲ့ဆင်ဖြူကျွန်းမြို့မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် မြို့လုံးကျွတ်နီးပါး နေ‌ရပ်စွန့်ခွာထွက်ပြေးနေရပြီး အများစုဟာ မကွေးနဲ့မင်းဘူးမြို့တွေကို လာရောက်ခိုလှုံကြတယ်လို့ ဆင်ဖြူကျွန်းမြို့ခံတဦးဆီက သိရပါတယ်။

” စလင်း၊ ဆင်ဖြူကျွန်းက‌နေ စစ်ရှောင်တွေက ရေလမ်း၊ ကုန်းလမ်းတွေကနေပြေးကြတာ။ မင်းဘူးနဲ့မကွေးကို ပြေးလာကြတာများပါတယ်။ ပြီးခဲ့တဲ့ ရက်ကဆို မကွေးအဝင်တံတားပေါ်မှာ စစ်ရှောင်ကားတွေအပြည့်ပဲ” လို့ ဆင်ဖြူကျွန်းမြို့ကနေတိမ်းရှောင်လာသူ မြို့ခံတဦးက ပြောပါတယ်။

မကွေးမြို့ပေါ်ကို စစ်ဘေးရှောင်တွေ အများအပြားဝင်ရောက်လာတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့‌တွေက မြို့အဝင်၊ အထွက်‌တွေမှာ စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ်လုပ်ဆောင်နေတဲ့အပြင် အခုလိုပေါ်တာဆွဲဖမ်းဆီးမှုတွေလည်း လုပ်ဆောင်နေတာလို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။