ကန့်ဘလူ စစ်ရှောင် တသောင်းကျော်အတွက် အမိုးအကာ၊ စားသော​က်ကုန်နဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်

0 2
0 2

စစ်ကိုင်း၊ မေ ၂၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် တောင်ခြမ်းဘက်က ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးနေလို့ ဒေသခံအများအပြား ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

စစ်ရှောင်ဒေသခံတွေထဲကမှ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင် ၁၀၀၀၀ ကျော်အတွက် အရေးပေါ် အမိုးအကာနဲ့စားသော​က်ကုန်၊ ဆေးဝါးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

“အချို့က မီးရှို့ခံရလို့ နေအိမ်မရှိတော့တာ။ စစ်ကြောင်းကလည်း ရွာတွေဘက်ကို ပြန်ပြန်ဝင်နေတာဆိုတော့ မပြန်နိုင်ကြသေးဘူး။ ခုက မိုးလည်းရွာလာပြီဆိုတော့ သူတို့အတွက်က လိုအပ်ချက်တွေရှိလာတယ်။ ဖြစ်သလို တောတောင်ထဲနေရတာနဲ့ သူများအိမ်တွေနားမှာ ကပ်နေရတာတွေရှိနေတာ။ စားရေးအတွက်က ထွက်ပြေးတုန်းက ပါလာတဲ့ဟာလေးနဲ့ မျှစားနေရတယ်။ ပြီးတော့ သူတို့နေတဲ့ နေရာနားက ပြည်သူအချို့က ကူညီနေပေမယ့် ရေရှည်ကျတော့ အဆင်ပြေမှာ မဟုတ်ဘူး။” လို့ စစ်ရှောင်ကူညီနေသူတဦးက ပြောပါတယ်။

စစ်ဘေးရှောင် ၁၀၀၀၀ ကျော်ဟာ နေရပ်မပြန်နိုင်သေးတာ ၂ ပတ်နီးပါးထိရှိလာပြီး မိုးတွင်းကာလ ရောက်လာတော့မှာမို့ အစစအရာရာလိုအပ်ချက်တွေ ရှိလာတယ်လို့ သူကထပ်ပြောပါတယ်။

လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးတဲ့ ကျေးရွာတွေကတော့ ဖလံချိုင်၊ သရက်ကုန်း၊ မင်းပါရွာ၊ ရွာမ၊ ဘိုတဲကုန်း၊ ဥာဏ်အင်းကျေးရွာအပါအဝင် ကျေးရွာ ၈ ရွာ လောက်ရှိပြီး တချို့ရွာတွေမှာ အိမ်ခြေ ၇၀၀ ခန့်ရှိတဲ့ ရွာကြီးတွေလည်းပါဝင်တယ်လို့ သိရပါတယ်။

အဲဒီဒေသမှာ ဧပြီလ ၂၃ ရက်နေ့ကတည်းက စတင်ပြီး ခမရ ၃၆၁ ၊ ခမရ ၃၆၈ နဲ့ နယ်​မြေခံပျူ​စောထီးစစ်ကြောင်း ၄ ကြောင်းဟာ စစ်ကြောင်းလှည့်ပတ်ထိုးနေပြီး မေလ ၂၂ ရက်နေ့အထိ ပြန်ထွက်သွားတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် စစ်ကြောင်းတွေဟာ ရွာမ၊ ဘိုတဲကုန်း၊ ဥာဏ်အင်း၊ ထောက်ရှာအိုင်၊ သိုးဘိုရွာ တွေအပါအဝင် ကျေးရွာ ၁၀ ရွာထက်မနည်းကို မီးရှို့ထားလို့ အိမ်ခြေ ၁၀၀၀ နီးပါးလောက် မီးလောင်ပျက်စီးထားတယ်လို့ ဆိုပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။