◼ ၃ ရက်မြောက်တိုက်ပွဲဆက်ပြင်းထန်နေပြီး ပိတ်မိနေတဲ့မြို့ခံတွေ ရေလမ်းကို အဓိကသုံးပြီးပြေးနေရ
မြေလတ်အသံ ၊ ဒီဇင်ဘာ ၂၅ ၊ ၂၀၂၅ ။
တိုက်ပွဲတွေပြင်းထန်နေတဲ့ မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့မှာ ဒီကနေ့ မနက်ပိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး မြို့ကိုအပြီးသတ်သိမ်းပိုက်သွားမယ်လို့လည်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) က သတင်းထုတ်ပြန်လာပါတယ်။
ဒီဇင်ဘာ ၂၅ ရက် မနက် ၁၀ နာရီလောက်မှာ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲတွေပြန်လည်စတင်ခဲ့ပြီး ယမန်နေ့ညပိုင်းကလည်း စစ်ကော်မရှင်တပ်က တိုက်လေယာဥ်၊ ပါရာမော်တာစက်တပ်လေထီးတွေနဲ့ ဗုံးအလုံးရေ ၃၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
” ခုက မြို့ပတ်လည်မှာ စစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေနဲ့ ကုန်လမ်းတွေက ပိတ်မိနေပြီ။ မြို့ခံတွေကတော့ ဧရာဝတီမြစ်ကြောင်းကနေ မင်းဘူး၊ မကွေးဘက်တွေကို ပြေးနေကြတယ်။” လို့ ဆင်ဖြူကျွန်းမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။


ဆင်ဖြူကျွန်းမြို့ကို အပြီးသတ်သိမ်းပိုက်သွားမှာဖြစ်လို့ မြို့ခံတွေအနေနဲ့ ဒီဇင်ဘာ ၂၅ ရက် ဒီကနေ့ မနက် ၈ နာရီကနေ ညနေ ၆ နာရီအတွင်း စလင်းမြို့နယ်ဘက်ကို ပြောင်းရွှေ့ကြဖို့ စလင်းပကဖ က ဒီကနေ့မနက်ပိုင်းမှာပဲ ထုတ်ပြန်တိုက်တွန်းထားပါတယ်။
ဒေသတွင်းခရီးသွားကားတွေအနေနဲ့ စစ်ကော်မရှင်တပ်ယာဥ်တန်းတွေနဲ့ အနီးကပ်မောင်းနှင်လိုက်ပါတာတွေ မပြုလုပ်ကြဖို့ကိုလည်း စလင်းပကဖ က သတိပေးထားပါတယ်။
ဒီဇင်ဘာ ၂၃ ရက်မနက်ပိုင်းက စတင်ခဲ့တဲ့ ဆင်ဖြူကျွန်းမြို့တိုက်ပွဲတွေဟာ ၃ ရက်ဆက်တိုက်ပြင်းထန်နေပြီး စစ်ကော်မရှင်တပ်က နေ့စဥ်နီးပါလေကြောင်းနဲ့ လက်နက်ကြီးပစ်ကူကို အလွန်အကျွံအသုံးပြုတိုက်ခိုက်နေတာပါ။


ဒါ့အပြင် စစ်ကော်မရှင်တပ်က မကွေးတပ်နယ်ကနေ အမြောက်၊ တင့်ကား၊ သံချပ်ကားတွေပါဝင်တဲ့ စစ်ကူယာဥ်တန်း ၉ စီးခန့် နဲ့ ပခုက္ကူမြို့ဘက် ဧရာဝတီမြစ်ကြောင်းကနေ ထွက်ခွာလာတဲ့ စစ်သင်္ဘောတွေတချို့ စစ်ကူထွက်ခွာလာပြီး လက်ရှိမှာအဲ့ဒီစစ်သင်္ဘောတွေဟာ ဇီးဖြူပင်ဆိပ်ကမ်းကို ရောက်ရှိနေတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေထံက သိရပါတယ်။
၃ ရက်တာတိုက်ပွဲတွေအတွင်း လက်နက်ကြီးဗုံးစထိမှန်တာကြောင့် မြို့ခံတချို့ထိခိုက်ဒဏ်ရာရရှိထားပြီး လက်ရှိအထိမြို့ခံတချို့လည်း မြို့တွင်းမှာ ပိတ်မိနေသူတွေအများအပြားရှိနေသေးတယ်လို့ သိရပါတယ်။