မြေလတ်အသံ၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၅။
ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ စနေည အစောဆုံးပွဲစဉ်မှာ နယူးကာဆယ်နဲ့ချဲလ်ဆီး တဖက် ၂ ဂိုးစီနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။
နယူးကာဆယ်အသင်းက ပထမပိုင်းမှာ ၂ဂိုးပြတ်နဲ့ဦးဆောင်ထားနိုင်ခဲ့ပြီး သွင်းဂိုးတွေကိုတော့ တိုက်စစ်မှူး နစ်ခ် ဗော်တီမာဒယ် က ပွဲအစ ၄ မိနစ်နဲ့ မိနစ် ၂၀ တို့မှာ သွင်းယူခဲ့တာပါ။

ချဲလ်ဆီးအတွက် ချေပဂိုးတွေကိုတော့ ချဲလ်ဆီးအသင်းခေါင်းဆောင် ရီးစ်ဂျိမ်းက ဒုတိယပိုင်း ၄၉ မိနစ်နဲ့ တိုက်စစ်မှူး ဂျာအိုပက်ထရိုက ၆၆ မိနစ်မှာ အသီးသီး သွင်းယူခဲ့ကြပါတယ်။
နယူးကာဆယ်အသင်းက အိမ်ကွင်းစိန့်ဂျမ်းပါ့ခ်မှာ ပထမပိုင်း ၂ ဂိုးအသာကနေ ဒုတိယပိုင်းမှာ ချေပဂိုးတွေပြန်လည်ခွင့်ပြုခဲ့ရပြီး သရေရလဒ်နဲ့ အဆုံးသတ်ခဲ့ရတာပါ။

၂ ဂိုးပြတ် အရှုံးကနေ သရေပြန်ကစားနိုင်ခဲ့တဲ့ ချဲလ်ဆီးကတော့ လက်ရှိမှာ ၁ ပွဲအသာနဲ့ အဆင့် ၄ မှာ ရပ်တည်နေပြီး နယူးကာဆယ်က ၁ ပွဲအသာ အဆင့် ၁၁ မှာ ရပ်တည်နေပါတယ်။