စစ်ကောင်စီတပ်က လူ ၁၉ ဦးကိုသတ်ဖြတ်မှု ကမ္ဘာသိအောင် လုပ်ဆောင်သွားမယ်လို့ဆို

0 1
0 1

ပဲခူး၊ မေ ၁၈၊ ၂၀၂၃။

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ညောင်ပင်သာကျေးရွာက ပြည်သူ ၁၉ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်မှု ကမ္ဘာသိအောင်လုပ်ဆောင်သွားမယ်လို့ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိဖမ်းဆီးသတ်ဖြတ်တာဟာ လူ့အခွင့်အရေးချိုးဖောက်တာဖြစ်ပြီး လက်ခံလို့မရတာကြောင့် မိတ်ဖက်နိုင်ငံတကာအဖွဲ့အစည်းတွေကနေတဆင့် ကမ္ဘာကသိအောင် ဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ကရင်မိတ်ဖက်အဖွဲ့တွေရှိတယ်။ ချိတ်ဆက်လုပ်ဆောင်နေတဲ့ အဖွဲ့တွေရှိတယ်။ အဲဒီကနေတဆင့် ဆင့်ကဲဆင့်ကဲနဲ့ တကမ္ဘာလုံးသိအောင်လုပ်သွားဖို့ရှိပါတယ်” လို့ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီတာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

မေလ ၁၀ ရက် ညနေပိုင်းက ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးအခြေစိုက် ခလရ ၇၃ စစ်ကောင်စီတပ်ဟာ ညောင်ပင်သာကျေးရွာကို စစ်ကြောင်းထိုးဝင်လာပြီး ကျေးရွာအတွင်း အိမ်ထောင်စု ၈ ခုမှ အသက်မပြည့်သေးသူ ကလေး ၅ ဦး၊ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း ဒေသခံ၁၉ ဦးကို အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့ခဲ့တာဖြစ်ပါတယ်။

ညောင်ပင်သာကျေးရွာဒေသခံတွေ သတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ ကနဦးသတင်းတွေအရ ၁၈ ဦး ဖြစ်ပြီး ကျေးရွာအတွင်း နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ သေဆုံးသူနောက်ထပ်တဦးကို ထပ်မံတွေ့ရှိတာကြောင့် ၁၉ ဦးထိရှိလာတာလို့ ကရင်အရေးပေါ်ကယ်ဆယ်ရေးကော်မတီက ဆိုပါတယ်။

လက်ရှိအချိန်ထိ ညောင်ပင်သာရွာ ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နေရပြီး နယ်မြေအတွင်း နှစ်ဖက်စစ်ရေးတင်းမာနေတာကြောင့် စစ်ကောင်စီတပ်က အချိန်မရွေးစစ်ကြောင်းပြန်ထိုးကာ ဖမ်းဆီးသတ်ဖြတ်မှုတွေလုပ်ဆောင်လာနိုင်လို့ နေရပ်မပြန်နိုင်ကြသေးဘူးလို့ သိရပါတယ်။

မေလ ၁၀ ရက် မနက်ပိုင်းက ညောင်ပင်သာကျေးရွာ၊ မြောက်ကမ်းအနီးမှာ စစ်ကောင်စီတပ်နဲ့ KNU၊ PDFပူးပေါင်းမဟာမိတ်အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်အရာရှိတွေ အပါအဝင်ထိခိုက်သေဆုံးမှုတွေများပြားခဲ့တာကြောင့် ညနေပိုင်းမှာ ညောင်ပင်သာရွာထဲကို ဝင်ရောက်စစ်ကြောင်းထိုးပြီး ဖမ်းဆီးသတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။