ဆင်ဖြူကျွန်း စလင်းချောင်းရေကြီးမှု ရေမျောသေဆုံးသူ ၃ ဦးအထိရှိလာ

0 3
0 3

မကွေး၊ မေ ၁၆၊ ၂၀၂၃။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့မှာ ရေစီးနဲ့အတူမျောပါပျောက်ဆုံးသွားပြီးနောက် သေဆုံးလျက်တွေ့ရှိသူ ၃ ဦး အထိရှိလာတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ရုပ်အလောင်းတွေကို မေလ ၁၅ ရက် မနေ့ကမနက်ပိုင်းနဲ့ညနေပိုင်းတွေမှာ နေရာအသီးသီးကနေ ပြန်လည်ဆယ်ယူရရှိခဲ့ပြီး သေဆုံးသွားသူတွေဟာ ဆင်ဖြူကျွန်းမြို့၊ ပြည်စိုးကုန်းရပ်က အသက် ၇ဝ နှစ်အရွယ်ရှိ ဒေါ်အေးသန်း၊ သူ့ရဲ့ သမီးဖြစ်သူ အသက် ၄၄ နှစ်အရွယ် မယဉ်မင်းစိုးနဲ့ နွယ်တမယ်ရွာသား အသက် ၂၂ နှစ်အရွယ် ကိုရှိန်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

“အလောင်းတွေကိုတနေရာစီမှာ နာရီခြားပြီး တွေခဲ့ရတာပါ၊ အားလုံးဆယ်ယူရရှိပြီးပါပြီ။ ဆင်ဖြူကျွန်းမှာ တော့ရေလည်းကျသွားပါပြီ။ ဒီနေ့မှာသဂြိုဟ်ဖို့စီစဥ်နေပါတယ်။ လက်ရှိက မိုးရွာလေတိုက်တာမျိုးတော့ မရှိပါဘူး” လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မေလ ၁၄ ရက် ညနေပိုင်း စလင်းချောင်းရေတက်လာချိန် မယဉ်မင်းစိုးဟာ ပစ္စည်းတွေသိမ်းဆည်းနေစဉ် ရုတ်တရက် ရေနောက်ပါသွားတဲ့မိခင်ကို လိုက်ဆယ်ရာက ၂ ဦးစလုံး ရေနစ်တာဖြစ်ပြီး ကိုရှိန်းဟာလည်း ဆင်ဖြူကျွန်းအောက်ဈေးမှာ မိခင်ရဲ့ဈေးဆိုင်ကကုန်စိမ်းတွေကို သယ်ယူနေရင်း ရေထဲမျောပါသေဆုံးတာ ဖြစ်တယ်လို့ မြို့ခံတဦးကဆိုပါတယ်။

ဒေါ်အေးသန်းရဲ့အလောင်းကို ဆင်ဖြူကျွန်းမြို့ အရှေ့ဘက်လယ်ကွင်းမှာတွေ့ရှိခဲ့ပြီး မယဉ်မင်းစိုးရဲ့ အလောင်းကို ဆင်ဖြူကျွန်းမြို့ အရှေ့တောင်ဘက်စမ်းတွင်းကျေးရွာအနီးက စမ်းတွင်းကျွန်းမှာတွေ့ရှိကာ ကိုရှိန်းရဲ့အလောင်းကိုတော့ နွယ်တမယ်ရွာရဲ့အောက်ဘက်မှာ တွေ့ခဲ့တာလို့ဆိုပါတယ်။

မိုခါမုန်တိုင်းမိုးကြောင့် စလင်းချောင်းရေမြင့်တက်လာပြီး ဆင်ဖြူကျွန်းမြို့ပေါ်ရပ်ကွက်နဲ့ကျေးရွာ နေအိမ်တွေအတွင်းဝင်ရောက်ခဲ့ကာ ရေစီးသန်တာကြောင့် နေအိမ်အတွင်းပစ္စည်းတွေနဲ့ လယ်ယာသုံး ပစ္စည်းတွေအများအပြား မျောပါဆုံးရှုံးခဲ့တဲ့အပြင် လူသေဆုံးမှုတွေပါဖြစ်ပေါခဲ့တာပါ။

လက်ရှိမှာ ဆင်ဖြူကျွန်းတမြို့လုံး ရေကျသွားပြီဖြစ်သလို ကူညီကယ်ဆယ်မှုတွေလိုအပ်နေပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေကိုလည်း စစ်ကောင်စီက သတိပြုစောင့်ကြည့်နေတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

စာတည်း-ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။