ပေါက်၊ ဒီဇင်ဘာ ၁၃၊ ၂၀၂၅။
မကွေးတိုင်း၊ ပေါက်မြို့အခြေစိုက် ကပစ ၂၄ စစ်ကြောင်းမှာပါလာတဲ့ စစ်ကော်မရှင်တပ်သား ၁ ဦး ရှေ့ကင်းထွက်ဖို့လာချိန် ဒီဇင်ဘာ ၁၂ ရက်မှာ လက်နက်ခဲယမ်းတွေယူပြီး ဘက်ပြောင်းခိုလှုံလာတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ဘက်ပြောင်းခိုလှုံလာသူဟာ အသက် ၂၈ နှစ်အရွယ် ဇင်ဝင်းထက်ဖြစ်ပြီး ပေါက်မြို့၊ ဝက်ပုတ်ရွာမှာ ရှေ့ပြေးကင်းထွက်ခိုင်းတဲ့အချိန် ဘက်ပြောင်းလာတာလို့ ဆိုပါတယ်။

“စစ်ကြောင်းက မီတာ ၆၀၀ အကွာမှာရှိတာ၊ သူ့ကိုရှေ့ပြေးကင်းထွက်ခိုင်းတဲ့အချိန်မှာ သူကိုင်ဆောင်ထားတဲ့ MA 4 ၁ လက်၊ ကျည်ဘောက် ၄ ခုနဲ့ ကျည် ၉၂ တောင့်ယူဆောင်ပြီး ဘက်ပြောင်းခိုလှုံလာတာ”လို့မြိုင်မြို့နယ်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ ကျုံးဒူးရွာဇာတိ ဇင်ဝင်းထက်ဟာ ရွာမှာစစ်မှုထမ်းဖို့ မဲပေါက်ပြီး စတခ ၄ (ပင်လောင်း) မှာ စစ်သင်တန်း ၃ လတက်ခဲ့ကာ အဲ့ဒီကတဆင့် တမခ ၉၉ မှာ တာဝန်ထမ်းဆောင်ခဲ့ရာကနေ ပေါက်အခြေစိုက် ကပစ ၂၃ ကိုရောက်ရှိလာတာလို့ ဆိုပါတယ်။
“သူက ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ ကျူံးဒူးရွာ ဇာတိပါ၊ တောင်သူလယ်သမားတဦးပါ၊ သူ စစ်မှုထမ်းဖို့ မဲနှိုက်ရတာ၊ မဲပေါက်တာ ၃ သိန်းခွဲ မပေးနိုင်လို့ သင်တန်းတက်ရတာ၊ သူကတော့ နေရပ်ကို ပြန်ချင်တယ်ပြောပါတယ်၊ ပြန်ပို့ခိုင်းပါတယ်၊ ခုတော့ ထိန်းသိမ်းထားပြီး စောင့်ကြည့်ရအုံးမှာ” လို့ အထက်ပါတာဝန်ရှိသူတဦးက ပြောပါတယ်။
MA 4 ၁ လက်၊ ကျည်ဘောက် ၄ ခုနဲ့ ကျည် ၉၂ တောင့် ယူဆောင်လာတဲ့ ဇင်ဝင်းထက်ကို ဆုကြေးငွေ ကျပ် ၃၅ သိန်းချီးမြှင့်ထားပြီး စခန်းမှာပဲထိန်းသိမ်းထားတယ်လို့လည်း ဆိုပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ ဒီဇင်ဘာ ၁၂ ရက်အထိ မြိုင်ပကဖဆီ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နဲ့ ပြည်သူ့စစ်တွေအပါအဝင် စုစုပေါင်း ၁၀၀ ဦးထက်မနည်းရှိပြီလို့ သိရပါတယ်။
စာတည်း – လင်း