စစ်ကောင်စီတပ်က ကျေးရွာထဲ ၂ လနီးပါးကြာတပ်စွဲနေလို့ တောင်သူတွေ သီးနှံမသိမ်းရတဲ့အခက် ကြုံတွေ့

0 1
0 1

စစ်ကိုင်း၊ မေ ၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အောင်းကုန်နဲ့ နန့်သာကျေးရွာ ၂ ရွာမှာ စစ်ကောင်စီတပ်က ၂ လနီးပါးကြာ တပ်စွဲနေတာကြောင့် ဒေသခံတောင်သူတွေဟာ စိုက်ပျိုးထားတဲ့သီးနှံတွေကို မရိတ်သိမ်းရဘဲ အခက်ကြုံနေရတယ်လို့ ဒေသခံတွေ ကပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့မတ်လ ၂၀ ရက်နေ့ကစလို့ အောင်းကုန်းရွာမှာ လာရောက်တပ်စွဲပြီး ရွာထဲကပြည်သူတွေရဲ့ ဆန်၊ စပါးတွေကို ခိုးယူစားသောက်ကာ အခု မေလ ၈ ရက်အထိ မပြန်ဘဲတပ်စွဲနေသေးတာကြောင့် ကျေးရွာ ၅ ရွာက ဒေသခံ ၆၅၀၀ ဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။

တပ်မ (၇၇) လက်အောက်ခံ တပ်ရင်းတခုက အင်အား ၁၀၀ ကျော်နဲ့တပ်စွဲနေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ အနီးပတ်ဝန်းကျင် ကျေးရွာ ၅ ရွာက ဒေသခံတောင်သူတွေဟာလည်း ကောက်ပဲသီးနှံရိတ်သိမ်းချိန် ရောက်လာနေပြီဖြစ်ပေမယ့် စိုက်ပျိုးထားတဲ့သီးနှံတွေကို မရိတ်သိမ်းရဲဘဲ အခက်ကြုံနေရတယ်လို့ Indaw Revolution-IR မှ တာဝန်ခံက ပြောပါတယ်။

“ကျနော်တို့ဒေသမှာက စပါးနဲ့ပဲ ၂ မျိုးစိုက်တာပါ။ ပဲကကျတော့ ဆီထွက်တဲ့မြေပဲပေါ့။ အခုက ပဲမကောက်နိုင်သေးတာ ဧကတော်တော်များမယ်ဗျ။ ကျနော်တို့မှာက တရွာလုံးနီးပါးစိုက်ကြတာဆိုတော့ ဧကတွေကို ခန့်မှန်းလို့မရဘူးဗျ။ စကစတွေကတော့ ဒေသခံတွေ ရွာကိုဝင်မယ်ဆိုရင် မှတ်ပုံတင်၊ နာမည်တွေကိုပေးပြီး စစ်ဆေးခံရပြီးမှ ဝင်ရမယ်လို့ပြောထားပေမယ့် အခုချိန်ထိ တယောက်မှရွာကိုမဝင်ကြဘူး” လို့ သူက ရှင်းပြပါတယ်။

ပဲသီးနှံမသိမ်းရဘဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာ ၅ ရွာမှာ အောင်းကုန်၊ နန့်သာ၊ အင်းပင်၊ ရွာသာရွာ၊ သုံးတော်စတဲ့ကျေးရွာက ဒေသခံ စုစုပေါင်းဦးရေ ၆၅၀၀ ဖြစ်ပြီး၊ လက်ရှိမှာ အဲ့ဒီဒေသခံတွေဟာ ဘေးလွတ်ရာကျေးရွာတွေမှာ စစ်ရှောင်နေကြရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်မှာလည်း အိမ်ခြေ ၄၀၀ ရှိတဲ့ အောင်းကုန်ရွာကို အင်အား ၆၀ ကျော်ပါတဲ့ စစ်ကြောင်းတခုက ဝင်ရောက်မီးရှို့ဖျက်စီးခဲ့တာကြောင့် လူနေအိမ် ၂၀ လုံး ပြာကျပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။

ပုံစာ -၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် အောင်းကုန်ရွာကို စစ်ကောင်စီကမီးရှို့ဖျက်ဆီးခဲ့စဥ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။