အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြေလတ်ဒေသမှာ လေပြင်းတိုက်၊မိုးသည်းထန်မှုတွေဖြစ်ပေါ်နိုင်

0 1
0 1

မြေလတ်အသံ၊ မေ ၅၊ ၂၀၂၃။

မြေလတ်ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းမှာ မေလ ၈ ရက်ကနေ ၁၃ ရက်အတွင်း လေပြင်းတိုက်ခတ်တာနဲ့ မိုးသည်းထန်စွာရွာသွန်းတာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ပြောဆိုထားပါတယ်။

မေလ ၉ ရက်ကနေ ၁၃ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ အင်အားကြီးဆိုင်ကလုန်း မုန်တိုင်းတခုဖြစ်ပေါ်ကာ မြန်မာနိုင်ငံသို့ဝင်ရောက်တိုက်ခတ်နိုင်ပြီး အဲ့ဒီမုန်တိုင်းအရှိန်ကြောင့် စစ်ကိုင်း၊မကွေး၊ပဲခူး အပါအဝင် ဒေသအတော်များများမှာ လေပြင်းတိုက်ခတ်တာနဲ့ မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။

“လမ်းကြောင်းက အိန္ဒိယကမ်းခြေဘက်ကို ယိမ်းသွားရင် မုန်တိုင်းဒဏ် တိုက်ရိုက်ခံရတာသက်သာပြီး၊ ဆန့်ကျင်ဘက်အနေနဲ့ မုန်တိုင်းလမ်းကြောင်းက ရခိုင်ကမ်းရိုးတန်းဘက်ကို ရွေ့လာရင်တော့ မြန်မာနိုင်ငံအတွက် မုန်တိုင်းလေပြင်းတိုက်တဲ့ ဒဏ်နဲ့မိုးများလွန်းလို့ နောက်ဆက်တွဲဖြစ်လာမယ့် သဘာ၀ ဘေးအန္တရာယ် ဆိုးကျိုးတွေကို ခံစားရမယ်” လို့ ပြောပါတယ်။

မုန်တိုင်းတိုက်ခတ်မယ့်ရက်က ဝေးနေသေးတဲ့အတွက် မုန်တိုင်းလမ်းကြောင်းအတိအကျကိုတော့ ပြောဆိုဖို့ခက်နေသေးပြီး လမ်းကြောင်းပြောင်းသွားနိုင်တဲ့အနေထားလည်း ရှိနေတယ်လို့ သိရပါတယ်။

မိုးလေဝသခန့်မှန်းသူ မစုစုစံကလည်း မေလ ၉ ရက်၊ ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ ဘင်္ဂလားပင်လယ်အော်အတွင်း အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်လာနိုင်ပြီး မေလ ၁၀ ရက်ကနေ ၁၂ ရက်အထိရက်တွေမှာ မကွေး၊ စစ်ကိုင်း၊ ပဲခူးတိုင်းတွေအပါအဝင် မြန်မာနိုင်ငံဒေသအတော်များများမှာ မုန်တိုင်းမိုးရွာသွန်းနိုင်ကာ မုန်တိုင်းဝင်ရောက်နိုင်မှုအခြေအနေကို ထပ်မံခန့်မှန်းဖော်ပြပေးသွားမယ်လို့ သူ့ရဲ့ လူမှုကွန်ယက်ကတဆင့် မေလ ၄ ရက်မှာ သတိပေးဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း မြေလတ်ဒေသအပါအဝင် တိုင်းနဲ့ပြည်နယ်နေရာအများအပြားမှာ မိုးကြီး၊လေပြင်းတိုက်ခတ်မှုတွေကြောင့် မိုးကြိုးထိမှန်တာနဲ့ သစ်ပင်ပိတာတွေကြောင့် လူသေဆုံးတာ၊ နေအိမ်အဆောက်အဦထိခိုက်ပျက်စီးတာတွေဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း-ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။