မန္တလေး၊ ဒီဇင်ဘာ ၃၊ ၂၀၂၅။
မန္တလေးမြို့မှာ ဒီဇင်ဘာ ၃ ရက် ဒီကနေ့မနက်ပိုင်းက စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြမှုတွေပြုလုပ်သွားသူတွေကို စစ်ကော်မရှင်တပ်က ပိတ်ဆို့ရှာဖွေနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ စျေးချိုအနီး ဒီကနေ့မနက် ၅ နာရီလောက်မှာ လူငယ်တချို့က စစ်ကော်မရှင်ကပြုလုပ်မယ့်ရွေးကောက်ပွဲကို ပြည်သူတွေမပါဝင်ကြဖို့ လှုံဆော်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တာကြောင့် ဆန္ဒပြမှုတွေလုပ်ခဲ့တဲ့ စျေးချိုအနီးတဝိုက်အပါ မန္တလေးမြို့တွင်းအနှံ့ ပိတ်ဆို့စစ်ဆေးရှာဖွေနေတာလို့ ဆိုပါတယ်။
စျေးချိုအနီးကိုလာရောက်ရှာဖွေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ” မနက်အစောကြီး ဒုက္ခပေးတဲ့ကောင်တွေ မိရင်တော့ နေအောင်ပြောသလို လုပ်ပစ်မယ်”ဆိုကာ ဆဲဆိုရှာဖွေမှုတွေပြုလုပ်ခဲ့ကြောင်း အခင်းဖြစ်နေရာအနီးမှာရှိခဲ့တဲ့ မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။
စစ်ကော်မရှင်တပ်ကို ထောက်ခံပြောဆိုနေတဲ့ သရုပ်ဆောင် နေအောင် က ပြီးခဲ့တဲ့နိုဝင်ဘာလက ရန်ကုန်တိုင်းအတွင်းကြံ့ဖွံ့ပါတီအတွက် ရွေးကောက်ပွဲမဲဆွယ်ချိန်မှာ ” တိုင်းပြည်ကို မငြိမ်အောင်လုပ်တဲ့သူမှန်သမျှအကုန်သတ်” ဆိုကာ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ ပြင်ဦးလွင်မြို့မှာ အာဏာသိမ်းစစ်ခေါင်းဆောင်ရောက်ရှိနေတာကြောင့် မန္တလေးမြို့မှာပါ လုံခြုံရေးတင်းကြပ်ထားချိန် အခုလို ဆန္ဒပြခံခဲ့ရတာဖြစ်ကာ ယနေ့မနက် ဆန္ဒပြမှုမှာပါဝင်သူတချို့ရဲ့ဓာတ်ပုံကို စစ်ကော်မရှင်တပ်ဖွဲ့တွေက ရရှိသွားပြီး မြို့အတွင်းအပြင်နေရာအနှံ့ပိတ်ဆို့ရှာဖွေနေတာလို့ မြို့ခံတွေက ပြောပါတယ်။
ဒီနေ့မနက်ပိုင်းက ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် DSA ဗိုလ်လောင်းသင်တန်းဆင်းပွဲကို တက်ရောက်ခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ယမန်နေ့ညပိုင်းမှာ မန္တလေးမြို့မှာရှိနေခဲ့လို့ မြို့တွင်းမှာ အင်အားအများအပြားနဲ့ လုံခြုံရေးတိုးမြှင့်ချထားခဲ့တာလို့ မြို့ခံတွေနဲ့ မန္တလေးစစ်ကော်မရှင်တပ် အသိုင်းအဝိုင်းထံက သိရပါတယ်။
သတင်း – မြတ်