ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုဖော်ဆောင်ဖို့ ရည်မှန်းချက်ချင်းတူကြရင် PDF တွေ လက်နက်ချဖို့ စစ်အာဏာသိမ်းခေါင်းဆောင် ပြော

0 9
0 9

မြေလတ်အသံ၊ ဒီဇင်ဘာ ၃၊ ၂၀၂၅။

ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုဖော်ဆောင်ဖို့ ရည်မှန်းချက်ချင်းတူကြရင် PDF တွေအပါအဝင် လက်နက်ကိုင်တွေ လက်နက်ချဖို့ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာ ၃ ရက် ဒီကနေ့မနက်ပိုင်းမှာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ ပြုလုပ်တဲ့ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဥ် ၆၇ သင်တန်းဆင်းပွဲမှာ သူက အခုလိုထည့်သွင်းပြောဆိုလိုက်တာပါ။

လက်နက်ကိုင်လမ်းစဥ်တွေနဲ့ဖြေရှင်းဖို့ကြိုးပမ်းမှုဟာ နှစ်ပေါင်း ၇၀ ကျော်ကြာတဲ့အထိ မည်သည့် ရလဒ်မှထွက်မလာတာကို သင်ခန်းစာယူဖို့လိုကြောင်း၊ ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းဟာ လက်နက်ကိုင်လမ်းစဥ်ကြောင့်ဖြစ်တယ်ဆိုတာ အမှန်အတိုင်းရှုမြင်ဖို့အချိန်ကျနေပြီဖြစ်ကြောင်း၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ဖော်ဆောင်ဖို့ ရည်မှန်းချက်တူကြရင် ပြည်ထောင်စုအကျိုးကိုရှေးရှုပြီး PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြဖို့ ကြိုဆိုဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း ထည့်သွင်းပြောကြားလိုကြောင်း ဆိုကာ ပြောပါတယ်။

ဒါ့အပြင် တဖက်မှာလည်း နိုင်ငံရေးဖြစ်စဥ်အကြောင်းတရားတွေကို လက်ညှိုးထိုးပြီး NCA မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ဟာ ရှိထားပြီးသားကတိကဝတ်တွေကို ချိုးဖောက်ပြီး ငြိမ်းချမ်းရေးလမ်းကြောင်းကို သွေးဖယ်မှုပြုလုပ်ခဲ့ကြတယ်လို့ သူက ဆိုပါတယ်။

စစ်ခေါင်းဆောင် ပြင်ဦးလွင်မြို့ကို ရောက်ရှိနေတာကြောင့် မြို့တွင်း၊ မြို့ပြင်နဲ့ဆက်စပ်လမ်းပိုင်းတွေအားလုံးမှာ စစ်အင်အားအများအပြားနဲ့လုံခြုံရေးတိုးမြှင့်ထားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

“မလာခင်ကတည်းက တပ်တွေရော ကျောင်းတက်နေတဲ့ အရာရှိတွေရောအကုန် လုံခြုံရေးပို့ထားတယ်။ မန္တလေး-ပြင်ဦးလွင်လမ်းပိုင်း၊ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မတ္တရာ၊ နောင်ချိုမြို့နယ်အစပ်တွေအထိ လုံခြုံရေးတွေချထားပါတယ်”လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြင်ဦးလွင်တပ်နယ်နဲ့နီးစပ်တဲ့မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ခေါင်းဆောင်ဟာ ဒီဇင်ဘာ ၅ ရက်မှာ စစ်နည်းပညာတက္ကသိုလ်အမှတ်စဥ် ၂၇ သင်တန်းဆင်းပွဲကို ဆက်လက်တက်ရောက်မှာဖြစ်ပြီး အဲ့ဒီနေ့အထိ ပြင်ဦးလွင်၊ စစ်တက္ကသိုလ်အတွင်းရှိ ၎င်းတည်းခိုရာ စစ်တပ်အခေါ် အိမ်တော်မှာ ဆက်လက်နေထိုင်မှာ ဖြစ်တယ်လို့ အထက်ပါမြို့ခံထံက သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။