မလှိုင်၊ နိုဝင်ဘာ ၂၈၊ ၂၀၂၅။
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သဲကန်ကျေးရွာမှာ အုပ်ချုပ်ရေးမှူးနဲ့စာရေးတို့ ပစ်သတ်ခံရတယ်လို့ မလှိုင်မြို့နယ်ပကဖ ဆီက သိရပါတယ်။
ပစ်သတ်ခံရသူဟာ သဲကန်ကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၄၀ ကျော်အရွယ် ကိုသိန်းဇော်နဲ့ စာရေး အောင်ကိုမြင့်တို့ ဖြစ်ပြီး နိုဝင်ဘာ ၂၆ ရက် ညနေ ၄ နာရီမှာ ကိုသိန်းဇော်ရဲ့နေအိမ်အတွင်း နှစ်ဦးစလုံး ရှိနေချိန် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ဌာနခွဲတွေက ပစ်ခတ်ခဲ့တာ။ ရှင်းလိုက်တာကဟုတ်တယ်။ နှစ်ယောက်ပေါင်း ၁၁ ချက်ပစ်ခတ်ခဲ့တယ်။ သူတို့ဆီက ဖုန်းနှစ်လုံးပဲ သိမ်းဆည်းရမိခဲ့တာရှိတယ်။”လို့ မလှိုင်မြို့နယ်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်မနက်ပိုင်းမှာ မလှိုင်မြို့ပေါ်ကနေ စစ်ကော်မရှင်တပ်အင်အား ၃၀ ကျော်က လာရောက်စစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက်ပြန်သွားကြတယ်လို့ ဆိုပါတယ်။
အုပ်ချုပ်ရေးမှူးနဲ့စာရေးဟာ စစ်ကော်မရှင်ကပေးတဲ့ စစ်သင်တန်းတက်ရောက်ကာ ပျုစောထီး လုပ်နေကြသူတွေဖြစ်တာကြောင့် ပစ်ခတ်ခဲ့တာလို့လည်း သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်ကလည်း မလှိုင်မြို့နယ်၊ ရေကမိုးကျေးရွာ၊ ပုန်းမကြည်ဆည်အနီး နေထိုင်တဲ့ စစ်မှုထမ်းဟောင်း ဦးအုန်းလွင်ဆိုသူ နေအိမ်လိုင်းခန်းအနီးမှာ ပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း